ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော အုပ်စုထဲမှ တွဲတွန်းသင်္ဘောတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ရွှေကူမြို့နှင့် အနီးတစ်ဝိုက်တွင် စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
သိမ်းပိုက်ခံရသည့် တွဲတွန်းသင်္ဘောသည် ဩဂုတ်လ ၂၈ ရက်က ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာချိန် KIA နှင့် ပူးပေါင်းတပ်များက FPV ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားပြီး ဘိုကုန်းကျေးရွာအနီးတွင် စစ်အုပ်စုတပ်က အစောင့်များဖြင့် ချန်ထားခဲ့သည့် သင်္ဘောဖြစ်ကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်များ က ဆိုသည်။
အဆိုပါ တွဲတွန်းသင်္ဘောသည် ကသာမှ ရွှေကူဘက်သို့ တက်လာသည့်နေ့တွင် ဒရုန်းဖြင့် ပစ်ခတ်ခံရပြီး ဝမ်းဗိုက် ပိုင်း ပွင့်သွားသဖြင့် ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိတော့ဘဲ စစ်အုပ်စုတပ်ဘက်က အစောင့်များဖြင့် ချန်ထားခဲ့ ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ရွှေကူမြို့ခံတစ်ဦးက ပြောသည်။
“တွဲတွန်းသင်္ဘောပေါ့လေ သူက။ အဲ့ကောင်က ကသာကနေတက်တဲ့နေ့တုန်းက ပစ်တော့ ဝမ်းဗိုက်ပွင့်သွားတာ။ အဲ့မှာ ကျန်ခဲ့တာ အစောင့်တွေနဲ့ထားခဲ့တာပေါ့။ အဲ့တာကို မနေ့က PDF တွေက သွားပြီးတော့ ပစ်ပြီးသိမ်းခဲ့တာ ပေါ့” ဟု ၎င်းက ပြောသည်။
စစ်အုပ်စုတပ်က အခြားသင်္ဘောများဖြင့် ဆွဲတင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ဘိုကုန်းကျေးရွာ အနီးတွင် ချန်ထားခဲ့ရခြင်းဖြစ်ပြီး နောက်တစ်ရက်၌ KIA နှင့် ပူးပေါင်းတပ်များက သွားရောက် သိမ်းပိုက်ခဲ့ကြ သည်။
ဒေသခံများ၏ သတင်းအချက်အလက်များအရ အဆိုပါ စစ်သင်္ဘောအုပ်စုတွင် တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ အခြားရေယာဉ် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနှင့် ကုန်တင်၊ တွဲတွန်းသင်္ဘော ၈ စီးအပါအဝင် ရေယာဉ် ၁၅ စီးခန့် ပါဝင်သည်။
ရွှေကူမြို့အတွင်းသို့ ရောက်ရှိလာပြီးနောက် စစ်သင်္ဘောအုပ်စုထဲမှ ရေယာဉ်များကို မြို့အတွင်းရှိ သင်္ဘောဆိပ်နှင့် ဘလက်ဆိပ်တို့တွင် ရပ်နားထားပြီး သင်္ဘောပေါ်ပါလာသည့် ကုန်ပစ္စည်းများ ချရန် ပြင်ဆင်ခဲ့ကြသည်။ ထိုသို့ ပြင်ဆင်စဉ် မြို့တွင်းမှ ကုန်တင်ကားများနှင့် ချောဆွဲကားများကိုလည်း စာရင်းကောက်ယူ ခေါ်ယူခဲ့သည်။
စစ်သင်္ဘောအုပ်စု ရွှေကူတွင် ရပ်နားနေသည့် ကာလအတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုများ ရှိခဲ့ပြီးနောက် စစ်အုပ်စုတပ်က ရွှေကူမြို့နှင့် အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာခဲ့သည်။
“ပြီးတော့ ရွှေကူမှာရပ်ထားတာ သင်္ဘောက ၃ ညရှိပြီ။ ဒီအတွင်းမှာ သုံးကြိမ် ရှော့တိုက်ဒုန်းထိတာတွေရော။ suicide drone ဝင်တာတွေရောနဲ့ဆို စစ်သားတွေတော်တော်လေးအထိနာနေတယ်ပေါ့နော်။ အဲ့ခါကျတော့ ဒီနေ့ဆိုရင် စစ်တပ်က ဂျက်ဖိုက်တာ ရော၊ Y-12 တွေရော လာကြဲတဲ့အကြိမ်ရေက ဒီနေ့တစ်ရက်တည်းကို အလုံး ၆၀၊ ၇၀ ဝန်းကျင်လောက်ရှိပြီကျဲတာ” ဟု ရွှေကူမြို့ခံက ဆက်ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ စစ်သင်္ဘောအုပ်စု ရပ်နားနေစဉ် ရှော့တိုက်ဒုံးနှင့် အသေခံဒရုန်းများ အသုံးပြု ၍ ၃ ကြိမ်ခန့် တိုက်ခိုက်ခံခဲ့ရသဖြင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
သို့သော် တစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၆၀ မှ ၇၀ ခန့် ပြုလုပ်ခဲ့သည်ဆိုသည့် အရေအတွက်နှင့် စစ်အုပ်စု တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်များကို KNG အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်အုပ်စုတပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ ရွှေကူမြို့နှင့် အနီးတစ်ဝိုက်ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
ရွှေကူမြို့နှင့် ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်တွင် ကျွန်းတော်၊ ဘိုကုန်း၊ သာယာကုန်း၊ ရေလဲ၊ ဆင်တပ် စသည့် ကျေးရွာများ တည်ရှိပြီး စစ်သင်္ဘောအုပ်စု ဆန်တက်လာသည့် ရက်ပိုင်းအတွင်း အဆိုပါ ဒေသတဝိုက်၌ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အထူးသဖြင့် စစ်သင်္ဘောအုပ်စု ကသာမှ ရွှေကူဘက်သို့ ဆန်တက်လာချိန်၌ တွဲတွန်းသင်္ဘောတစ်စီး ဘိုကုန်း ကျေးရွာအနီးတွင် ပျက်စီးကျန်ခဲ့သကဲ့သို့ ကျွန်းတော်နှင့် သာယာကုန်းအနီးတွင်လည်း စစ်ရေးဖြစ်စဉ်များ ရှိခဲ့သည်။
လက်ရှိတွင် ရွှေကူမြို့နှင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်သင်္ဘောအုပ်စု၏ ကျန်ရှိနေသည့် ရေယာဉ်များသည် ရွှေကူမြို့အတွင်း ရပ်နားကာ ကုန်ပစ္စည်းများ ကုန်ချရန် ပြင်ဆင်လျက်ရှိသည်။







