စက်သုံးဆီ ဝယ်ယူမရသဖြင့် မွန်ပြည်ရှိ ငါးဖမ်းလှေ အများစု လုပ်ငန်း မထွက်နိုင်

စက်သုံးဆီ ဝယ်ယူမရသဖြင့် မွန်ပြည်ရှိ ငါးဖမ်းလှေ အများစု လုပ်ငန်း မထွက်နိုင်

မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ ရောင်းချမပေးသဖြင့် လက်ရှိ ဩဂုတ်လကုန်အထိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေ အများစု လုပ်ငန်း မထွက်နိုင်သေးကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။

ငါးဖမ်းလှေများအတွက် စက်သုံးဆီများကို စက်သုံးဆီဆိုင် အများစုက ပုံးများ၊ ပီပါများဖြင့် ရောင်းချမပေးခြင်း၊ အရင်ကဲ့သို့ အလွယ်တကူ ဝယ်ယူ၍ မရရှိခြင်းတို့အပြင် စက်သုံးဆီ မှောင်ခိုဈေးကွက်တွင်လည်း ဈေးနှုန်း အဆမတန် မြင့်တက်နေသည်။

စက်သုံးဆီ အခက်အခဲကြောင့် ငါးလုပ်ငန်း လုပ်ကိုင်သူများသည် ငါးဖမ်းလှေ အရေအတွက် လျှော့ချလိုက်ရ ခြင်း၊ စက်သုံးဆီ မရှိသဖြင့် ငါးဖမ်းမထွက်နိုင်ခြင်းနှင့် ငါးလုပ်ငန်းကို လုံးဝ ရပ်နားလိုက်ရသည့် အခြေအနေများ အထိ ဖြစ်ပေါ်လျက်ရှိသည်။

စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများကို ပုံးများဖြင့် ရောင်းချမပေးသဖြင့် ငါးဖမ်းလှေ အများစု မထွက်နိုင် တော့ကြောင်း ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဆီက သူတို့က ပုံးနဲ့ မရောင်းဘူး။ ပုံးနဲ့ မရောင်းတော့ ဝယ်လို့ မရဘူး။ ဝယ်လို့ မရတော့ မထွက်ဘူး။ အများစု တစ်ဝက်နှုန်းတောင် မထွက်ကြတော့ဘူး။ သူတို့ ပုံးနဲ့ဆိုရင် လုံးလုံး မရောင်းတာ။ မှောင်ခိုတွေ ဆီက ဝယ်ပေါ့။ မှောင်ခို ဝယ်လို့ရရင် ဈေးကြီးကြီးနဲ့ ဝယ်ပြီး ထွက်ပေါ့၊ သိပ်မကိုက်တော့ မထွက်ဘူးပေါ့၊ ကုန်ဈေးကလည်း တက်တော့” ဟု ၎င်းက ပြောသည်။

ထို့ပြင် ငါးဖမ်းလှေများသည် ကုန်းပေါ်တင်၍ စက်သုံးဆီ ထည့်သွင်းရန် မဖြစ်နိုင်သဖြင့် ယခုကဲ့သို့ ပုံးများဖြင့် စက်သုံးဆီ ရောင်းချမပေးသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးသင့်ကြောင်း၊ ဖြေရှင်း မပေးပါက ငါးလုပ်ငန်း အားလုံးနီးပါး ရပ်နားရနိုင်ကြောင်း ဆက် ပြောသည်။

စက်သုံးဆီများကို သတ်မှတ် ပေါက်ဈေးဖြင့် ရောင်းချမပေးသဖြင့် မှောင်ခိုဈေးဖြင့် ဈေးကြီးပေး၍ ဝယ်ယူနေရသောကြောင့် မကြာမီ ကာလအတွင်း ငါးဖမ်းလှေများ ထပ်မံ ရပ်နားရနိုင်ကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။

အခြား ငါးလုပ်ငန်းရှင် တစ်ဦးကလည်း “ဆီက ဘယ်လိုဝယ်ရလည်းဆိုတော့ တကယ်မှာဆိုရင် ပေါက်ဈေးနဲ့ကို ကွာ ပိုပြီး ဝယ်နေရတယ်ပေါ့နော်။မှောင်ခိုပေါက်ဈေးက တစ်ပေပါကို ကျပ် ၁၁ သိန်းကနေ ၁၅ သိန်းလောက် အထိ ပေးနေရတယ်။ စက်သုံးဆီ အခက်အခဲကြောင့် လှေကြီးတွေ နားထားရတယ်။ ဒီပုံစံအတိုင်းဆိုရင် ငါးလှေ တွေ နားရမှာပဲ” ဟု ပြောသည်။

လက်ရှိတွင် ငါးဖမ်းလှေ အများစုမှာ စက်သုံးဆီ အခက်အခဲကြောင့် ငါးဖမ်းမထွက်နိုင်ဘဲ လုပ်ငန်းများ ရပ်နားရ ပါက အခြေခံ စားသောက်ကုန်ဖြစ်သည့် ငါးဈေးနှုန်းများပါ ထပ်မံ မြင့်တက်လာနိုင်သည်။

စက်သုံးဆီ အခက်အခဲကြောင့် ငါးဖမ်းလှေများ မထွက်နိုင်သဖြင့် ကျွမ်းကျင် လုပ်သားအများစုမှာ ကြုံရာကျပန်း လုပ်ကိုင်နေရသည်များ ရှိသလို အချို့မှာ နီးစပ်ရာ နိုင်ငံများသို့ ထွက်ခွာသွားကြကြောင်း ငါးလုပ်ငန်းရှင်များထံမှ သိရသည်။

ဒေသအတွင်း စက်သုံးဆီများသည် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်မှစတင်၍ စစ်အုပ်စုတပ် ကြိုးကိုင်သည့် မွန်ပြည် စစ်အစိုးရ၏ စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှုကြောင့် မြို့နယ် အားလုံးနီးပါးတွင် တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုများ ပြန်လည် ကြုံတွေ့နေရခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်က စက်သုံးဆီ ခြိုးခြံချွေတာရန် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ QR Code စနစ်ဖြင့် ရောင်းချပေးနေသော်လည်း ပုံးများ၊ ပီပါများဖြင့် ရောင်းချမပေးသဖြင့် ငါးဖမ်းလှေများ အပါအဝင် မီးစက်ကြီး အသုံးပြု လုပ်ကိုင်ရသည့် လုပ်ငန်းများပါ ထိခိုက်နစ်နာလျက်ရှိသည်။

မွန်ပြည်တွင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေပေါင်း ၃,၀၀၀ ကျော် ရှိနေပြီး အဆိုပါ လုပ်ငန်းအပေါ် မှီခိုရပ်တည် နေရသည့် မိသားစု သောင်းနှင့်ချီ ရှိသည်။

ထို့ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းသည် မွန်ပြည်၏ တတိယမြောက် အဓိက စီးပွားရေး လုပ်ငန်းတစ်ခု လည်း ဖြစ်သည်။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...