အခွန်နှုန်း မြင့်မား၍ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အားနည်းနေ

အခွန်နှုန်း မြင့်မား၍ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အားနည်းနေ
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား မြင့်မားနေသဖြင့် သာမန်ကုန်သည်များ ဝင်ရောက်လုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြသည်။

ရခိုင်ပြည်တွင် စစ်တပ်က ပြည်မဘက်မှ ကုန်စည်စီးဆင်းမှုများ အားလုံးကို ဖြတ်တောက်ထားသောကြောင့် နယ်စပ်နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကုန်စည်များကိုသာ အဓိက အားထားနေရသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခွန်ကောက်ခံနှုန်းထားများ လွန်စွာ မြင့်မားသည့်အတွက် ကုန်သွယ်ရေး တွင် ဒေသခံများ ပါဝင်နိုင်ရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။

မောင်တောနယ်စပ် ကုန်သည်တစ်ဦးက “ဒီဘက်မှာ ပစ္စည်းတွေဝယ်ရင် ဝယ်ဈေးက ထက်ဝက်၊ အခွန်ခက ထက် ဝက်နှုန်းလောက်ထိ တောင်းတာ ရှိတယ်။ ရာခိုင်နှုန်းနဲ့ဆို ၅၀ ရာခိုင်နှုန်းပေါ့။ ပြီးတော့ တရားဝင်ဆိုရင် ကုန်သွယ်ရေးက သာမန်လူတွေ ကုန်သွယ်ခွင့်ရှိတဲ့ အနေအထား မဟုတ်ဘူး” ဟု ပြောသည်။

ထို့အတူ ကုန်စည်များကို ရခိုင်ကုန်သည်များ တရားဝင် ဝင်ရောက်ဝယ်ယူခွင့် မရှိဘဲ အချို့ကုန်သည်များ ဝင်ရောက်ဝယ်ယူရာတွင်လည်း အခွန်ခ ၅၀ ရာခိုင်နှုန်းအထိ ပေးရကြောင်းဆိုသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကောက်ခံသည့် အခွန်အခ များပြားခြင်းနှင့် ULA အစိုးရက ဖွဲ့စည်းထားသည့် ကုန်သည်ကြီးများအသင်းတို့ကသာ တရားဝင် ကုန်သွယ်ခွင့်ရသည့် အနေအထားမျိုးတွင် ရှိနေသည်။

ဘူးသီးတောင်မြို့နယ်မှ ကုန်သည်တစ်ဦးက “ကျနော်တို့ဘက်က လူတွေကတော့ ရတဲ့လမ်းကြောင်းက သွားနေ ကြတာတော့ ရှိတယ်။ ကိုယ်တိုင် အဲဒီဘက် သွားစရာမလိုဘူး။ ဘင်္ဂလားဒေ့ရှ်ကလူတွေက သူတို့ရောင်းမယ့် ပစ္စည်းတွေ ရှာပြီး နယ်စပ်အထိ လာရောင်းတာမျိုး။ ဒီအတွက် အခွန်ပေးစရာ မလိုဘူး။ သူတို့ ရောင်းတဲ့ ဈေး ပေါ့။ အရင်ကတော့ လမ်းက ဒီထက် အန္တရာယ်များတယ်။ အခု AA ကင်းစောင့်ဂိတ်တွေ များလာတော့ ARSA အန္တရာယ်တော့ နည်းနည်း လျှော့သွားတယ်လို့ ပြောရမယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နှင့် ရခိုင်ပြည်၊ မောင်တော ကညင်ချောင်းဆိပ်ကမ်းတို့အကြား နှစ်နိုင်ငံ ကုန်သွယ် မှုကို မေလအတွင်းက စတင်ခဲ့သော်လည်း ပုဂ္ဂလိက ကုန်သည်များ ပါဝင်နိုင်မှု အားနည်းနေသေးခြင်း ဖြစ်သည်။

လက်ရှိတွင် ကညင်ချောင်း စီးပွားရေးဇုန်နှင့် တက္ကနဖ်မြို့တို့ ကုန်သွယ်ရေးလမ်းကြောင်းမှ အာလူး၊ ကြက်သွန် စသည့် စားသောက်ကုန် အချို့ကိုသာ တင်သွင်းနိုင်သေးသည့် အခြေအနေရှိသည်။

ဒေသခံ ကုန်သည်များမှာ အဝတ်အထည်၊ အလှကုန်နှင့် စားသောက်ကုန်များကို နယ်စပ်မှနေ၍ အဓိက မှာယူ ဝယ်ယူမှုရှိပြီး ယခုထက်ပို၍ ဒေသခံ စီးပွားရေးကုန်သည်များ ပါဝင်လုပ်ကိုင်နိုင်မည့် ကုန်သွယ်ရေးမျိုးကို လိုလားနေကြသည်။

မောင်တော ဒေသခံတစ်ဦးက “နယ်စပ်ကုန်သွယ်ရေးက ဖြစ်လားဆို ဖြစ်တယ်။ မဖြစ်လားဆိုတော့လည်း မဖြစ်ဘူး။ ဒီလိုအနေအထား။ ပြောချင်တာက ကုန်သွယ်မှု အနည်းငယ်တော့ ရှိတယ်။ ပုံမှန် အကောင်းကြီး တရားဝင် အဆင့်ဆိုတာထက် ရတဲ့နည်းနဲ့ ကူးလူးဆက်ဆံနေကြတာဖြစ်တယ်” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း ကညင်ချောင်း ကုန်သွယ်ရေးဇုန်မှလွဲ၍ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် တောင်ပြို၊ နံသာတောင်၊ ဘော်ဒူလာ (ဗန္ဓုလ) စသည့် နေရာများမှလည်း ကုန်စည်ဝင်ရောက်မှု အနည်းငယ် ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့အတူ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုအဖြစ်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရနှင့် ကုန်သွယ်မှုကို နားလည်မှုဖြင့် လက်ခံဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲများ မစတင်မီ ၂၀၂၂–၂၀၂၃ ဘဏ္ဍာနှစ် စာရင်းများအရ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် ကုန်သွယ်မှုမှာ တစ်နှစ်တာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၆၀ နီးပါးအထိ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင် ကုန်သွယ်ရေးတွင် ယခုထက် ကျယ်ပြန့်သည့် အပြန်အလှန် ကုန်သွယ်မှု ဖြစ်လာရေးအတွက် ဒေသခံများနှင့် ကုန်သည်များက မျှော်လင့်နေကြသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...