နတ်ရေကန်သို့ စစ်ကူလာသည့် စစ်ယာဉ်တန်း အထိနာပြီး ပြန်ဆုတ်

နတ်ရေကန်သို့ စစ်ကူလာသည့် စစ်ယာဉ်တန်း အထိနာပြီး ပြန်ဆုတ်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန် တက်လာသည့် စစ်တပ်၏ ယာဉ်တန်းမှာ အာရက္ခတပ်တော်၏ ကြားဖြတ်တိုက်ခိုက်မှုကို အပြင်းအထန် ခံရပြီးနောက် အထိနာ ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

စစ်တပ်သည် ဇူလိုင်လ ၂၅ ရက်က ပဒါန်းမြို့အခြေစိုက် အမှတ် (၉၀၅) အမြောက်ကွပ်ကဲမှု ဌာနချုပ်မှ တစ်ဆင့် ရခိုင်ရိုးမတောင်ထိပ်ရှိ နတ်ရေကန်ဗျူဟာသို့ စစ်ကားများဖြင့် အင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ထိုယာဉ်တန်းကို ငဖဲမြို့နယ်၊ ပဇီကျေးရွာနှင့် ဂုတ်ကြီးကျေးရွာအနီးတွင် အာရက္ခတပ်တော်က ဒရုန်း၊ လက်နက် ကြီးအပြင် မြေပြင်မှပါ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အထိနာသွားခဲ့ပြီး ဒဏ်ရာရလူနာများနှင့်အတူ ပြန်လည်ဆုတ် ခွာခဲ့ရသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နတ်ရေကန်ကို အင်အားဖြည့်တဲ့ စစ်ယာဉ်တန်းက ကြားဖြတ် တိုက်ခိုက်ခံရမှုတွေကြောင့် အထိနာပြီး ဒဏ်ရာ ရ လူနာတွေနဲ့ ပြန်ဆုတ်သွားရတယ်။ တစ်ချို့ မြေပြင်စစ်ကြောင်းအချို့ကတော့ ပြန့်ကျဲပြီး ရှိနေတုန်းပဲ။ မြေပြင် ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေကြတယ်။”

လက်ရှိတွင် ပဇီကျေးရွာနှင့် ဂုတ်ကြီးကျေးရွာအနီး၌ ဖရိုဖရဲ တပ်စုကွဲနေသော စစ်တပ်စစ်ကြောင်းများကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက လိုက်လံရှင်းလင်းနေပြီး စစ်တပ်ကလည်း လေကြောင်းပစ်ကူပေး နေသဖြင့် နတ်ရေကန်အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

စစ်တပ်သည် နတ်ရေကန်အတွက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ စစ်ကားအစီး (၇၀) ခန့်ဖြင့် ထွက်လာခြင်းဖြစ်ပြီး မကွေးမြို့မှတစ်ဆင့် နတ်ရေကန်ဗျူဟာကုန်းသို့ ယာဉ်တန်းတစ်ခုနှင့် စလင်း၊ ဆောမြို့ဘက်သို့ ယာဉ်တန်းတစ်ခု ခွဲထွက်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး စခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားကာ စစ်ကူလာသည့်စစ်ကြောင်းများကိုလည်း အကောင်းဆုံး ဟန့်တားထားနိုင် သည့် အနေအထားတွင် ရှိနေသည်။

နတ်ရေကန် စစ်မျက်နှာသည် စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံများအတွက် အလွန်အရေးပါသဖြင့် စစ်အုပ်စုက ရှိသမျှအင်အားကို ဖြည့်တင်းကာ ထိုးဖောက်နေခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်ပြောဆိုကြသည်။

စစ်ရေးစောင့်ကြည့်နေသူ ရခိုင်အမျိုးသားတစ်ဦးက “နတ်ရေကန်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မကွေး စစ်မျက်နှာအတွက် အတော်လည်းကို အရေးပါတဲ့ စခန်းတစ်ခုလို့ ပြောလို့ရမယ်။ ပထမကတော့ နိုင်ငံအဆင့် လေကြောင်းရန် ကာကွယ်ရေးစခန်းတစ်ခု ဖြစ်တယ်။ နောက်တစ်ခုက ကပစစက်ရုံတွေနဲ့ မကွေးကို ကာကွယ် ဖို့ အဓိကကာပေးထားတဲ့ စခန်းကြီးဆိုတော့ သူတို့အနေနဲ့ ရှိသမျှအင်အားနဲ့ ခုခံသွားမယ့် သဘောမှာရှိနေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက နတ်ရေကန်ဗျူဟာစခန်းကို တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ကာကင်းစခန်းအများအပြားကိုလည်း သိမ်းပိုက်ထိန်းချုပ်ကာ ပင်မဗျူဟာစခန်း ကြီးကို ဝန်းရံပိတ်ဆို့ထားသည်။

စစ်တပ်သည် နတ်ရေကန်ဗျူဟာ မကျဆုံးစေရေးအတွက် တပ်မ (၇၇)၊ တပ်မ (၉၉)၊ စကခ (၁၀)၊ စကခ (၁၄) နှင့် စကခ (၁၇) တို့မှ ထုတ်နုတ်အင်အားများ၊ ပြည်သူ့စစ်များနှင့် မကြာခဏ တပ်ပြောင်းလဲကာ ခုခံတိုက်ခိုက်နေ လျက် ရှိသည်။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...