ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားပြီဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းမှ အမျိုးသား၊ အမျိုးသမီး လူငယ် ၆၉ ဦးသည် ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် သွားရောက်လုပ်ကိုင်ကြမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် သွားရောက်လိုသည့် လုပ်ငန်းခွင်ကို ရွေးချယ်ခွင့် ရရှိထားကြခြင်း ဖြစ်သည်။
စခန်းဥက္ကဋ္ဌ ဦးစိုင်းလုံက “စခန်းကော်မတီရုံးမှာ စာရင်းလာထည့်ပြီးတော့မှ သူဌေးက သူတို့ကိုလာတွေ့တယ်။ အလုပ်ရဲ့ကိစ္စတွေ အချက် အလက် လာရောက်ရှင်းပြတယ်။ ပြီးတော့မှ ကျနော်တို့စခန်းနေလူထုက အလုပ် သွားချင်တဲ့သူတွေက သူတို့စိတ်နိုင်၊ မနိုင်ကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ပြီးတော့မှ သူတို့သွားလို့လည်း ရတယ်ပေါ့” ဟု ပြောသည်။
၎င်းတို့သည် ဇူလိုင်လ ၂၈ ရက်နေ့က ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ သွားရောက် အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားပြီဟု ဆိုသည်။
အလုပ်လုပ်ကိုင်ရန် စာရင်းသွင်းခဲ့ကြသည့် လူငယ်များကို The Border Consortium (TBC) အဖွဲ့က လုပ်ငန်းခွင် အတွင်း သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးမှုများ လုပ်ဆောင်ပေးခဲ့ သည်။

ဦးစိုင်းလုံက “TBC သင်တန်းပေးတယ်ဆိုတာ အလုပ်သွားလုပ်တဲ့သူတွေကို ဘာသာစကားတွေကို သင်ပေးတာ တော့ မဟုတ်ဘူး။ အလုပ်စည်းမျဉ်းစည်းကမ်းတွေပဲ သင်ပေးတယ်။ အလုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘယ် လိုရှိလဲ၊ သွားလို့ရှိရင် အခြေအနေဘယ်လိုရှိလဲ။ အခက်အခဲဘယ်လိုရှိလဲ အဲ့လောက်ပဲ သူတို့ကို သင်တန်းပေး တယ်” ဟု ဆက်ပြောသည်။
ယခုကဲ့သို့ ထိုင်းအစိုးရဘက်က ဒုက္ခသည်စခန်းနေ လူထုများကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်း ကြောင့် လူငယ်များအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အလုပ်လုပ်ကိုင်နိုင်သလို မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လှမ်းမှ ရပ်တည်နိုင်ရန် အထောက်အကူ ဖြစ်စေသည်ဟု ဆိုသည်။
ထို့ပြင် လာမည့် ဩဂုတ်လအတွင်း၌လည်း စခန်းနေလူထု ဦးရေ ၂၀၀ ဝန်းကျင်က ထိုင်းနိုင်ငံထဲက အခြားမြို့နယ်များတွင် သွားရောက်လုပ်ကိုင်ရန် စာရင်းသွင်းထားကြသည်။
လက်ရှိတွင် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင် အလုပ်လုပ်ကိုင် နေသူ ၇၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ၊ မြို့နယ်အသီးသီးရှိ ဆောက်လုပ်ရေးနှင့် စိုက်ပျိုး ရေးလုပ်ငန်းများတွင် အများဆုံး ဝင်ရောက်လုပ်ကိုင်လျက်ရှိကြသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်များအား ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ကြေညာခဲ့ခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းအပါအဝင် အလုပ်အကိုင် အမျိုးအစား ရှစ်မျိုးကို လုပ်ကိုင်ခွင့်ပြုမည်ဟု ဆိုထားသည်။







