ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့် စစ်တပ်၏ တပ်မ (၅၅) စစ်ကြောင်းကို တပ်မ (၂၂) နှင့် ကမ်းရိုးတန်းတိုင်း လက်အောက်ခံတပ်များဖြင့် အစားထိုး လဲလှယ်ကာ ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၇၅) ရှိ ရှေ့တန်းကွပ်ကဲရေးဗျူဟာ၏ ညွှန်ကြားချက်အရ တပ်မ (၅၅) စစ်ကြောင်းများမှာ ဖလူးနှင့် မင်းလက်ပံကျေးရွာဘက်မှ ဇူလိုင်လ ၂၀ ရက်နေ့က ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် တပ်မ (၂၂) ပါဝင်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တပ်များက စစ်ကြောင်း အသစ် ဖွဲ့စည်းကာ တက်လာသဖြင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
မြဝတီအခြေစိုက် KNLA တပ်ဖွဲ့ဝင်တစ်ဦးက “ဇူလိုင် ၁၅ ရက်နေ့လောက်အထိ တပ်မ ၅၅ စစ်ကြောင်း ကျတာ ထိတာနဲ့ တပ်လန့်တာရှိတယ်။ အဲ့ဒါ မြဝတီ ၂၇၅ ကပြန်ခေါ်တော့ ပြန်ဆုတ်ပြီး မနေ့က ဖားအံဘက်ကို ဆင်း သွားပြီ။ အဲ့ဒီကနေ ရခိုင်ဘက်ကိုပို့မယ်လို့ သတင်းရတယ်။ မင်းလက်ပံဘက်ကိုတော့ စစ်ကြောင်းသစ်ဖွဲ့ပြီး တက်လာလို့ နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်နေတယ်” ဟု ပြောသည်။
တပ်အပြောင်းအလဲ လုပ်ဆောင်ခဲ့သည့် တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်သုံးမော်တော်ယာဉ် အစီး ၂၀ ခန့်ဖြင့် အာရှလမ်းအတိုင်း ဖားအံမြို့ဘက်သို့ ပြန်လည် ဆင်းသွား ခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၁၈ ရက်နေ့က တပ်ပြောင်းရွှေ့ရန်လာသည့် တပ်မ (၂၂) ၏ ယာဉ် ၈ စီးအနက် ၁ စီးမှာ အာရှ လမ်းမှ မြဝတီမြို့ဘက်သို့ အလာ ကွမ်းသီးတောကွေ့အရောက်၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အသိုင်းအဝိုင်းက ဆိုသည်။
အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးလုပ်သားတစ်ဦးက “စစ်ကား ၈ စီးမှာ တစ်စီးက ကွမ်းသီးတော လမ်းအဆင်းမှာ မှောက်တယ်။ နေ့လယ် ၁၂ နာရီ ကျော်လောက်ပေါ့နော်။ မြဝတီနဲ့ သင်္ဃန်းညီနောင်က ကူညီ ကယ်ဆယ်ရေးကားတွေ သွားကူပေးရတယ်။ စစ်သား ၂ ယောက်သေတယ်၊ ၁၀ ယောက်လောက် ဒဏ်ရာ ရတယ်။ စစ်ကားကိုလည်း ကရိန်းနဲ့ဆွဲရတယ်” ဟု ပြောသည်။
လက်ရှိတွင် KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့နယ်၊ ဖလူးနှင့် မင်းလက်ပံကျေးရွာ ဘက်များတွင် တိုက် ပွဲများ တကျော့ပြန် ပြင်းထန်နေပြီး စစ်တပ်က အင်အားထောင်နှင့်ချီသုံးကာ ထိုးစစ်ဆင်နေသလို လေကြောင်းမှ လည်း ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။







