ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး သေဆုံးပြီး ရဟန်းတော်များအပါအဝင် ၂၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် ၁၁ နာရီခွဲခန့်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့ကို ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ရဟန်းတစ်ပါးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ညနေ ၄ နာရီကျော်တွင် သံတွဲမြို့ရှိ လူစည်ကားရာနေရာများကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒေသခံတစ်ဦးက “အကြမ်းဖက် မြန်မာလေတပ်သည် လူစည်ကားရာ နေရာများဖြစ်ကြသည့် သံတွဲမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရဲစခန်းဝန်းအနီး၊ ရုပ်ရှင်ရုံအနီးဝန်းကျင်၊ မြို့နယ်တရားရုံး၊ ဦးဥတ္တမလမ်း၊ တစညရုံးနှင့် သစ္စာ လမ်းဒေါင့်တို့ကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း” ပြောသည်။
ညနေ ၆ နာရီခွဲခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့ အနီးဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ တောင်ပေါက်တောင်တန်းရှိ ပါရမီဘုန်းတော်ကြီးကျောင်းနှင့် ရေပေါက်ချောင်းလမ်းဆုံအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။
ဒေသခံတစ်ဦးက “ဒဏ်ရာရတဲ့ ဆရာတော်က ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းရွာသားဖြစ်ပါတယ်။ ပဒေ သာ ရွာဟောင်းက ကျောင်းမှာ သီတင်းသုံးနေတာပါ။ ရင်ဘတ်နဲ့ ညာဘက်လက်မောင်းမှာ ကျည်စ ထိမှန် ထားပြီး အခု ဆေးကုသမှုခံယူနေပါတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေသည့် ဆရာတော်တစ်ပါး၊ ဦးဇင်းတစ်ပါးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်သည် လူနေရပ်ကွက်များနှင့် ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မြင့်တက်လာနေသည်။
ရခိုင်ပြည်တွင် လေကြောင်းတိုက်ခိုက်မှုများမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး ဇူလိုင်လအတွင်း ဂွမြို့နယ်၊ ကုလားချောင်း ကျေးရွာနှင့် ပေါက်တူးကျေးရွာရှိ စာသင်ကျောင်းများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အာရက္ခတပ်တော်က စစ်တပ်၏ လုပ်ရပ်များသည် ‘ရက် ၁၀၀’ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် အပြောအလုပ် ထပ်တူကျ/မကျ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။







