ဖလူး - မင်းလက်ပံတွင် တိုက်ပွဲပြင်းထန်၊ BGF နှင့် DKBA ပူးပေါင်းတပ်များ စစ်တပ်နှင့်ပူးပေါင်း

ဖလူး - မင်းလက်ပံတွင် တိုက်ပွဲပြင်းထန်၊ BGF နှင့် DKBA ပူးပေါင်းတပ်များ စစ်တပ်နှင့်ပူးပေါင်း

ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-မင်းလက်ပံဘက်သို့ အင်အားရာနှင့်ချီ တိုးမြှင့်ချီတက်လာပြီး ထိုစစ်ကြောင်းတွင် ကရင်နယ်ခြားစောင့် တပ် (BGF) နှင့် ခွဲထွက် DKBA (ဗိုလ်ဘိအဖွဲ့) တို့ ပူးပေါင်းပါဝင်နေကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ် များက ပြောသည်။

အဆိုပါနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အတွင်း ပါဝင်သော မြဝတီ (ရာမတီး) မြို့နယ် ဖြစ်သည်။

လေးကေကော်မြို့သစ်ထဲသို့ ဝင်ရောက်လာသည့် စစ်တပ်က ဇူလိုင်လ ၇ ရက် ညနေပိုင်းတွင် ဖလူးနှင့် မင်းလက်ပံသို့ စစ်ကားများအသုံးပြု၍ လူအင်အားရာနှင့်ချီ ဆက်လက်ချီတက်လာပြီး နောက်တန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်စစ်ကူပေးလျက်ရှိသည်။

ထိုစစ်ကြောင်းတွင် စစ်တပ်၏ တပ်မ (၂၂)၊ တပ်မ (၄၄)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၃) နှင့် (၁၉) တို့ ပါဝင်သည်။

ထို့ပြင် BGF မှ ဗိုလ်မုတ်သုန်၊ ဗိုလ်ချစ်လုံနှင့် ခွဲထွက် DKBA (ဗိုလ်ဘိတပ်ဖွဲ့) မှ ဗိုလ်နိုင်လွင်ဦးဆောင်သည့် တပ် များကလည်း စစ်ကူအင်အားများ ပံ့ပိုးပေးနေကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

KNLA သတင်းအရင်းအမြစ်က “ဖလူး-မင်းလက်ပံအထိတော့ သူတို့ရောက်လာပြီ။ တစ်ညလုံးပဲ တက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်တာ ဒီမနက်အထိပဲ” ဟု ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့၊ ညပိုင်းအထိ စစ်တပ်က အင်အားဆက်တိုက် ပို့ဆောင်နေပြီး လေးကေကော်တွင်လည်း အင်အား ၂၀၀ ကျော် ထပ်မံရောက်ရှိလာသည်။

ဖလူး-မင်းလက်ပံ တိုက်ပွဲအတွင်း အခြားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းပါဝင်နေသည့်ကိစ္စနှင့် ပတ်သက်၍ BGF တာဝန်ရှိသူများနှင့် ဆက်သွယ်ရရှိရန် ကေအိုင်စီအနေဖြင့် ဆက်လက်ကြိုးပမ်းနေသည်။

လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်တပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်အနီး ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံဘက်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်လျက်ရှိသည်။

ထို့ကြောင့် နယ်စပ်နေလူထုအနေဖြင့် လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန်နှင့် သတိထားသွားလာကြရန် ထိုင်းအာဏာပိုင်များက တိုက်တွန်းနှိုးဆော်ထားသည်။

ပစ်ခတ်မှုများအတွင်း ထိုင်းဘက်မှ လူနေအိမ်အချို့ ထိမှန်မှုရှိခဲ့သဖြင့် ပြန်လည်တုံ့ပြန်နိုင်ရန် ထိုင်းနယ်စပ် လုံခြုံရေးတပ်များက အင်အားတိုးမြှင့်ချထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...