သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာတွင် သတ္တုတူးဖော်ရန်အတွက် မြေဝယ်ယူသူ များပြားလာသောကြောင့် မြေဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။
ဘော်ဆိုင်းဒေသအတွင်းသို့ သတ္တုတူးဖော်ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိ လာသည့် တစ်ပိုင်တစ်နိုင် တူးဖော်သူများက မြေကွက်များကို အလုအယက် ဝယ်ယူနေကြသဖြင့် မြေဈေးနှုန်း များ မြင့်တက်လာခြင်းဖြစ်ကြောင်း ဘော်ဆိုင်းဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “အရင်ကထက် ပိုပြီး မြေဝယ်တဲ့သူ များလာတယ်။ မြေဈေးက အရင်က တစ်ဧက ကို ကျပ် ၈၅ သိန်းဆိုရင် အခုတော့ သိန်း ၂၀၀ နီးပါးအထိ ဈေးတက်လာတယ်။ ဘော်ထွက်တဲ့ နေရာဆို ပိုပြီး ဈေးကြီးတယ်။ အများအားဖြင့် တရုတ်ကုမ္ပဏီက နှစ်အလိုက် စာချုပ်ချုပ်ထားတဲ့ ဘော်တွင်းတွေ များတယ်။ ဒေသခံတွေက တစ်ပိုင်တစ်နိုင် တူးကြတာလည်း ရှိတယ်” ဟု ပြောသည်။
အဆိုပါ မြေကွက်များသည် ဒေသခံများ၏ စိုက်ပျိုးမြေများ ဖြစ်ကြပြီး ယခင်က သနပ်ဖက်စိုက်ခင်းများနှင့် အခြားသော နှစ်ရှည်သီးနှံများကို စိုက်ပျိုးခဲ့ကြသော်လည်း ယခုအချိန်တွင် သတ္တုတူးဖော်ရန်အတွက်သာ အသုံးပြုနေကြရကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။
ထို့ပြင် ဘော်ဆိုင်းဒေသ၌ အွန်လိုင်းစလော့ဂိမ်း (လောင်းကစား) များကြောင့် မြေရောင်းသူများပြားလာပြီး၊ အချို့သော မြေကွက်များမှာ အွန်လိုင်းလောင်းကစားပြုလုပ်ရာမှ ပေါင်နှံထား၍ ပြန်မရွေးနိုင်တော့သဖြင့် ဈေးပေါပေါဖြင့် အလျင်အမြန် ထုတ်ရောင်းကြသူများလည်း ရှိနေသည်။
တစ်ဖက်တွင်လည်း သတ္တုတူးဖော်မှုများကြောင့် ဘော်ဆိုင်းဒေသ၌ သဘာဝသစ်တောများ ပြုန်းတီးကာ ယခင်နှစ်များထက် ပိုမိုပူပြင်းလာပြီး၊ သောက်သုံးရေများ ရေရှည်ရရှိနိုင်ရန်ပင် စိုးရိမ်စရာ ဖြစ်လာကြောင်း ဒေသခံများက ထောက်ပြကြသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦးက “အရင် ၂၀၂၀ ခုနှစ်တုန်းကဆို ဘော်ဆိုင်းလမ်းက သစ်တောတွေနဲ့ အရမ်းလှတာ၊ ပူလည်း မပူဘူး။ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ဘော်ဆိုင်း အဝင်လမ်းမှာ မိုးကာတဲသေးသေးလေးတွေ အများကြီးတွေ့လာရတယ်၊ သတ္တုတူးတဲ့သူတွေ များလာတာ။ သစ်ပင်ဆိုလည်း သိပ်မရှိတော့ဘူး။ ဒီတိုင်း ဆက်သွားရင် ရေခမ်းပြီး ရေရှည်မှာ ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။
ထို့ကြောင့် သစ်ပင်သစ်တောများကို ပြန်လည်ထိန်းသိမ်း၍ သတ္တုတူးဖော်မှုများကို လျှော့ချရန်နှင့် ယခင်ကကဲ့သို့ စိုက်ပျိုးသီးနှံများဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရန် ၎င်းက အကြံပြုထားသည်။
လက်ရှိ ဘော်ဆိုင်းဒေသတွင် တရုတ်လူမျိုးများ သွားလာဝင်ထွက်မှု ပိုမိုများပြားလာပြီး စစ်တပ်နှင့် ၎င်း၏ လက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အကြပ်ကိုင် ငွေတောင်းခံမှုများ ရှိနေကြောင်း မြေပြင်သတင်းများအရ တွေ့ရှိရ သည်။
ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် လာရောက်နေထိုင်ပြီး သတ္တုတူးဖော်နေသည့် တရုတ် နိုင်ငံသား အများအပြား ရှိနေကာ၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်းကလည်း ဘော်ဆိုင်းကျေးရွာ၌ တရား မဝင် နေထိုင်နေသော တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဘော်ဆိုင်းကျေးရွာတွင် ရေရှားပါးမှုပြဿနာများ နှစ်စဉ်ကြုံတွေ့နေရပြီး၊ ၎င်းမှာ သတ္တုတူးဖော်မှု၏ နောက် ဆက်တွဲ ဆိုးကျိုးများဖြစ်သော တောပြုတ်ခြင်း၊ ရေမျက်နှာပြင်ခမ်းခြောက်ခြင်းနှင့် အပူချိန်မြင့်မားလာခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။







