AA ထိန်းချုပ်နယ်မြေများတွင် Grade-12 မြန်မာစာကို ရခိုင်တိုင်းရင်းဘာသာဖြင့် အစားထိုး

AA ထိန်းချုပ်နယ်မြေများတွင် Grade-12 မြန်မာစာကို ရခိုင်တိုင်းရင်းဘာသာဖြင့် အစားထိုး

မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်မှစတင်ကာ Grade-12 မြန်မာစာဖတ်စာကို တိုင်းရင်းဘာသာ(ခေါ်) ရခိုင်ဖတ်စာဖြင့် အစားထိုးလိုက်ပြီဟု ရခိုင့်ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

ယခုအစားထိုးလိုက်သည့်တိုင်းရင်းဘာသာတွင် ရှေးခေတ်မှသည် ယနေ့ခေတ်သစ်အထိ ရခိုင်စာပေပညာရှင်များရေးသားခဲ့/ရေးသားထားသော ရခိုင်ပြည်၊ ရခိုင်လူမျိုးနှင့်သက်ဆိုင်သည့် သမိုင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ သုတ၊ ရသစသည့် ဂန္ထဝင်မြောက်စာပေများကို ကျောင်းသူ၊ ကျောင်းသားများက ရခိုင်ဘာသာစကားဖြင့် သင်ယူကြရမည်ဖြစ်သည်။

ယခုကဲ့သို့ ရခိုင်ဖတ်စာဖြင့် အစားထိုးလိုက်ခြင်းအပေါ် ရခိုင်မှ ဆရာ၊ ဆရာမအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများကလည်း ကြိုဆိုလျက်ရှိသည်။

ကျောက်တော်မြို့နယ်မှ ဝါရင့်ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်မော်လီက “ရခိုင်က ကဗျာပညာရှင်တွေ၊ နောက်ပြီး ဘယ်လိုဆိုမလဲ။ ထူးချွန်ထက်မြက်တဲ့ စာဆိုတွေ၊ နောက်ပြီး ရခိုင်ဒေသကနေပြီး ထူးချွန်ပြောင်မြောက်ခဲ့တဲ့ စာဆိုပညာရှင်တွေ၊ အသိပညာရှင်တွေကို ကျောင်းသားတွေအနေနဲ့ လေးစားအားကျလိုစိတ်တွေဖြစ်လာမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ရခိုင်မှာလည်း ဒီလိုတော်တဲ့ စာဆိုတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေဟာ တစ်ချိန်က ငုတ်လျှိုးနေခဲ့ရပြီး အခုခေတ်မှာမှ ကျမတို့ဟာ ဒီစာဆိုရှင်တွေရဲ့အကြောင်းတွေပေါ့။ ထူးခြားပြောင်မြောက်တဲ့ အတုယူစရာကောင်းတာတွေကို ကျောင်းသားတွေ သိရှိခွင့်ရမယ်လို့ထင်တယ်။ ဒါ့ကြောင့် ရခိုင်က ကျောင်းသားတွေအနေနဲ့ အတုယူချင်စိတ်တွေ၊ အားကျစိတ်တွေ ဖြစ်ပေါ်မယ်လို့ ဆရာမအနေနဲ့ထင်တယ်”ဟု နိရဉ္စရာကို ပြောသည်။

ယခုအစားထိုးမည့် တိုင်းရင်းဘာသာတွင် ရခိုင်ရိုးရာ “ကျီးဖြူရွာသာခြင်း”၊ စစ်တွေမြို့ကိုတည်ထောင်ခဲ့သူများအနက်တစ်ဦးဖြစ်သည့် မြို့သူကြီးအောင်ကျော်ဇံ၏ “မြို့သူကြီးအောင်ကျော်ဇံ ဧကပိုဒ်ရတု”၊ မင်းသက်ခိုင် (စည်တောင်)၏ ရသစာတမ်းဖြစ်သော "နီညိုချိန်”၊ ဗျာလာခိုင်၏ ဝတ္ထုတိုဖြစ်သည့် “မြူနန့်ကျစ်တေကြိုး”စသည်တို့လည်း ပါဝင်မည်ဟု နိရဉ္စရာက သိရှိထားသည်။

မာတိကာအပြည့်အစုံကိုမူ နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆရာမဒေါ်မော်လီက “ပြောင်းလိုက်တာက ပိုပြီးတော့ ရခိုင်သူ၊ ရခိုင်သားတွေ၊ ရခိုင်လူငယ်တွေ၊ ရခိုင်ကျောင်းသားတွေအတွက် ပိုပြီးကောင်းတယ်လို့ ဆရာမက မြင်မိတယ်။ ကိုယ့်ဘာသာစကား၊ ကိုယ့်လူမျိုးရဲ့အသုံးအနှုန်းတွေ၊ စာတွေဟာ ပျောက်နေတာ နှစ်ပေါင်းကြာခဲ့ပြီ။ ဆရာမတို့ သက်တမ်းတစ်လျှောက်တောင်မှ ရခိုင်စာ၊ ရခိုင်အသုံးအနှုန်းဆိုတာတွေကို တစ်ခါမှ မကြားဖူးသလိုပဲဖြစ်နေခဲ့တယ်။ ဒေသအသုံးအနှုန်းလောက်တော့ သုံးဖူးတယ်။ စာနဲ့ပေနဲ့တော့ မရေးဖြစ်ဘူးပေါ့။ ဒါကြောင့် ပိုပြီးကောင်းတယ်လို့ ဆရာမအနေနဲ့ မြင်မိတယ်”ဟု နိရဉ္စရာကို ဆက်ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများအား ရခိုင်ဘာသာဖြင့် အစားထိုးသင်ပေးနိုင်ရန်အတွက်လည်း ဆရာ၊ ဆရာမများကို ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ဆရာလမ်းညွှန်သင်တန်းများကို ပေးနေပြီး မကြာမီ သင်တန်းဆင်းကြတော့မည်ဟုလည်း ဆရာ၊ ဆရာမအသိုင်းအဝိုင်းက ဆိုသည်။

ရခိုင်မှ မြန်မာစာဂုဏ်ထူးရကျောင်းသူ၊ ကျောင်းသား ၁၄ ဦးကိုမွေးထုတ်ထားသည့် မြန်မာစာပြဆရာ ဦးအောင်ကျော်ဇောကလည်း ယခုကဲ့သို့ ရခိုင်ဘာသာဖြင့်အစားထိုးသင်ကြားရမည်ကို ကြားသိလာနေရသည့်အတွက် ယခင်သင်ရိုးဖြစ်သည့် မြန်မာစာကို မပြဘဲ ရပ်နားထားရသည်ဟု နိရဉ္စရာကို ပြောသည်။

“အဓိက ဗမာအရေးအသားကို အလေးထားပြီးတော့ရေးထားတဲ့ ကဗျာထဲက အကောင်းဆုံးကဗျာ၊ ဥပမာ ရှင်မဟာရဋ္ဌသာရဆုံးမစာလိုမျိုး အဲလို ကလေးတွေအတွက် အရေးပါအရာရောက်တဲ့ ကဗျာလေးတစ်ပုဒ်လောက်ပဲ အဲလို ကပ်ပြီးပါတော့မယ်ထင်တယ်။ အရင်တုန်းက ကျနော်တို့ငယ်ငယ်ကလိုမျိုး ကျွဲကျောင်းသံကဗျာတစ်ပုဒ်တည်းပါပြီးတော့ ကျန်တာဟာ အားလုံး ဗမာအရေးအသားနဲ့ ရေးတဲ့ကဗျာတွေကို သင်ရသလိုမျိုး။ ကျနော့်အမြင်ကတော့ ဒီလို ရခိုင်စာပေလောကက စာရေးဆရာတွေရေးတဲ့၊ ရှေးခေတ်က ကိုယ်တို့ရဲ့ စာရေးဆရာအကျော်အမော်တွေရေးတဲ့ ကဗျာစာသား၊ စကားပြေ၊ ကျောက်စာ၊ ကိုယ်တို့ရဲ့ လူမျိုးရေးအရ အဓိက အထင်ကရကျတဲ့ကျောက်စာလေးတွေပါလာမယ်ဆိုတော့ ဆရာတို့က ဝမ်းသာတယ်။ အရမ်းဝမ်းသာပါတယ်”ဟု နိရဉ္စရာကို ပြောသည်။

ရခိုင့်ပညာရေးအသိုင်းအဝိုင်းမှ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကလည်း ယခုကဲ့သို့ Grade-12 မြန်မာစာဖတ်စာကို ရခိုင်ဘာသာဖြင့် အစားထိုးတော့မည်မှာ သေချာသည်ဟု နိရဉ္စရာကို ပြောသည်။

ယခုကဲ့သို့ ရခိုင်ဘာသာဖြင့်အစားထိုးလိုက်ခြင်းအပေါ် ရခိုင်မှ လူငယ်တစ်ဦးဖြစ်သူ ကိုအောင်ချေကလည်း “အခုလို အစားထိုးလာတာလည်း ကောင်းပါတယ်။ ဒီထက်အများကြီးလည်း လုပ်ဖို့လိုအပ်သေးတဲ့အရာတွေလည်း မြင်ရပါတယ်။ ကိုယ်တို့အစိုးရကတော့ လုပ်လာမယ်လို့ ကျနော်တို့ဘက်ကတော့ မျှော်လင့်နေပါတယ်။ ဒီဟာကတော့ ပထမခြေလှမ်းဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ နောက်ထပ် ဒုတိယခြေလှမ်းတွေမှာလည်း ဒီထက်အများကြီး လုပ်လာနိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။

Grade -12 တွင် မြန်မာစာဖတ်စာတစ်ခုတည်းကိုသာ ယခုကဲ့သို့ အစားထိုးလိုက်ခြင်းဖြစ်ပြီး ကျန်ဘာသာရပ်များကိုမူ ယခင်အတိုင်းသင်ကြားရမည်ဟုလည်း သိရသည်။

အခြားတစ်ဘက်တွင်လည်း ဗမာအရေးအသားဖြင့် အကျွမ်းဝင်နေသည့်ကျောင်းသူ၊ ကျောင်းသားများအတွက်မူ ရခိုင်ဘာသာအရေးအသားဖြင့် အစားထိုးပြောင်းလိုက်သည့်အတွက် အနည်းငယ်အခက်အခဲရှိလာနိုင်သည်ဟုလည်း ဆရာ၊ ဆရာမအသိုင်းအဝိုင်းက နိရဉ္စရာကို ပြောဆိုကြသည်။

 

July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...
June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...