မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊ ချောင်းကမ်းပါးများ တိုက်စားပြိုကျနိုင်ခြေများသဖြင့် ယခုနှစ် ရခိုင်က မြစ်ကမ်းနားဒေသများသည် သဘာဝဘေးအန္တရာယ် စိုးရိမ်ဖွယ်ကောင်းနေသည်။
လက်ရှိ မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေစီးကြမ်းသဖြင့် ရခိုင်က မြစ်ကမ်းပါး နေရာအချို့တွင် ကမ်းပါးပြိုကျမှုများကို စတင်ကြုံတွေ့နေကြ၍ မိုးတွင်းကာလ ကမ်းပါးပြိုကျနိုင်ခြေ ဆိုးရွားမည့်အပေါ် ဒေသခံများက စိုးရိမ်မှုမြင့်တက်နေကြသည်။
“မြစ်ကမ်းပါးတွေမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေက မကြာခဏ ရေတိုက်စားပြီး မြေပြိုခြင်း ခံရတာတွေ ရှိပါတယ်။ နေအိမ်တွေ မြစ်ထဲကျရောက် ပျက်စီးသွားတဲ့ အခြေအနေတွေက အများကြီး ရှိပါတယ်။ ကျနော်တို့ အပေါက်ဝ အလယ်မူ (မွတ်ဆလင်)ကျေးရွာမှာဆိုရင် သိရသလောက် မြေပြိုတာ (၇) ကြိမ်လောက် ရှိပါတယ်။ မြေပြိုကျတာက (၇) ကြိမ်ထဲမှာ ၃ ကြိမ်က အပျက်အစီး အများဆုံးဖြစ်ခဲ့ပါတယ်” ဟု ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဦးမောင်မောင်သန်းက ပြောသည်။
ကုလားတန်မြစ်နံဘေးရှိ အပေါက်ကျေးရွာသည် ဒီရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကို နှစ်စဉ်ဆိုသလို ကြုံတွေ့ရပြီး လူထိခိုက်သေဆုံးမှု ဖြစ်စဉ်များလည်း ရှိခဲ့သည်။
လက်ရှိတွင်လည်း အပေါက်ဝကျေးရွာမှ မြစ်ကမ်းနားရှိနေအိမ်များမှာ ရေတိုက်စားမှုဒဏ် ခံနေရပြီး မိုးသည်းထန်ပါက ကမ်းပြိုကျမှုနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ခြေ များနေကြောင်း ဒေသခံများက ပြောကြသည်။
လေးမြို့မြစ်စီးဆင်းရာ ရေလမ်းကြောင်းတွင် တည်ရှိသည့် မင်းပြားမြို့နှင့် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှာလည်း နှစ်စဉ် ဒီရေတိုက်စားကာ ကမ်းပါးပြိုကျမှုနှင့် ကြုံတွေ့ရပြီး ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်နေသည်။
“အခုလို မိုးဦးကာလမှာ မြေပြိုကျမှုတွေက အလွန်ပင် စိုးရိမ်ဖွယ်ရှိပါတယ်၊၊ ဒါကြောင့် ULA/AA အစိုးရအနေနဲ့ ကမ်းပါးတွေကို မပြိုကျနိုင်ဖို့အတွက် ကမ်းပါးတွေမှာ အပင်တွေကို စနစ်တကျ စိုက်ပျိုးစေချင်ပါတယ်။ ဒီထက်တတ်နိုင်ရင်တော့ မြစ်ကမ်းပါးများ မပြိုအောင် ကျောက်တံတိုင်းတွေ၊ အုတ်နံရံတွေကို ဆောက်လုပ်ပေးစေချင်တယ်” ဟု မင်းပြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည်နှင့်အညီ မိုးများပြီး ရေကြီးရေလျှံမှု၊ ဒီရေတိုက်စားခြင်းနှင့်အတူ မြစ်ကမ်းနားနေရာများတွင် ကမ်းပါးပြိုကျခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့တတ်ရသည်။







