ကျောက်ဖြူထောင်မှ ပြန်လွတ်လာသူ ၇ ဦးကိုထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်

ကျောက်ဖြူထောင်မှ ပြန်လွတ်လာသူ ၇ ဦးကိုထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်
Photos- MOI
Photos- MOI

ပိုးဝါ — AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထောင်ချခံရပြီး ကျောက်ဖြူအကျဉ်းထောင်မှ အာဏာသိမ်း သမ္မတ လွတ်ငြိမ်းခွင့်အပါအဝင် လွတ်ရက်စေ့ပြီးပြန်လွတ်လာသူ ၇ ဦးကို အာဏာသိမ်းစစ်တပ်ကထောင်ဗူးဝမှာပြန်လည်ဖမ်းဆီးကာ ထပ်မံတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးကျော်လှအောင်၊ တောင်ရင်းရပ်ကွက်မှ ဦးမြဝင်း (၄၆) နှစ်၊ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်မဲ (၆၈) နှစ် နှင့် ဦးစောရန်နိုင် (၃၉) နှစ် ၊ကုလားဘာတောင်ရပ်ကွက်မှ ဦးသန့်ဇော်လင်း (ခ) အညာသား (၄၅) နှစ်၊ ဦးလမင်းဖြိုး(၃၈) နှစ်နှင့် ဦးထွန်းမင်းဖြိုး (၃၄ နှစ်)တို့ ဖြစ်ကြသည်။

သူတို့ကို  ဇွန်လ ၈ ရက်နေ့တွင်ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ကြောင်း ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

“လွတ်ရက်စေ့လို့တချို့က လွတ်ရက်စေ့ခါနီး သမ္မတအမိန့်နဲ့ ပြန်လွတ်လာပြီးမှထောင်ဝမှာတင် ထပ်ဖမ်းခံရတယ်။ တချို့က ထောင်သက်တမ်းစေ့ပြီး လွတ်လာပြီးမှ ထပ်ဖမ်းခံပြီး မတရား တရားစွဲပြီး အခုလိုနှစ်ရှည်ထောင်ဒဏ်တွေထပ်ချတာပါ။ ဒီအပေါ် အများကြီး ရင်နာရတယ်။စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။

၄င်းတို့သည် ဧပြီလ ၁၇ ရက်နှင့်  ၃၀ ရက်တို့တွင် ကျောက်ဖြူအကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံခဲ့သည်။

ဦးသန့်ဇော်လင်း ၊ ဦးလမင်းဖြိုးနှင့် ဦးထွန်းမင်းဖြိုးတို့သည် နိုင်ငံတော်သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာခြင်းဖြစ်ပြီး ကျန်လေးဦးမှာ လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာသူများဖြစ်ကြောင်း သိရသည်။

သူတို့ကို ကျောက်ဖြူမြို့ မြို့မရဲစခန်းမှူးမှ ကျောက်ဖြူထောင်ဗူးဝတွင် လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အထက်အမိန့်အရဆိုကာ ကျောက်ဖြူ ခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀(ည)နှင့် ၅၂ (က) တို့ဖြင့် အမှုဖွင့်ပြီး ကျောက်ဖြူထောင်သို့ပြန်ပို့ခဲ့ကြခြင်း ဖြစ်သည်။

သူတို့ကို အာရက္ခတပ်တော်(AA) အား ဆက်သွယ်လုပ်မှုအပါအဝင် ကူညီ ထောက်ပံ့မှုများပြုလုပ်သည်ဟု စွပ်စွဲပြီး စစ်တပ်ကဖမ်းဆီးပြီးမတရားအသင်းပုဒ်မ၁၇(၁)ဖြင့် တရားစွဲဆိုကာ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ချမှတ်ခံထားရသူများဖြစ်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်အသီးသီးတွင် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို အာဏာသိမ်းစစ်တပ်က ထောင်ဗူးဝမှာပင်ထပ်မံဖမ်းဆီးကာ ပုဒ်မအသစ်များဖြင့် အမှုဖွင့်ထောင်ချခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။

June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...
June 12, 2026
မောင်စာဂ — ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍...
June 12, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ...