သမိုင်းရေးသူတစ်ယောက်ရဲ့ နိဂုံး

သမိုင်းရေးသူတစ်ယောက်ရဲ့ နိဂုံး

၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကအစ အရာအားလုံး အခက်အခဲပေါင်းစုံနဲ့ ကျင်လည်ခဲ့ရတဲ့ အခြေအနေဖြစ်တယ်။ စာပေ၊ ဂီတနဲ့ အနုပညာအပိုင်းတွေမှာလည်း အလွန်နောက်ကျနေခဲ့ပါတယ်။ စည်၊ ဗုံ၊ ပတ်တလား၊ မောင်း၊ နှဲ၊ စည်း၊ ဝါး၊ မေဒလင်တို့လို ရိုးရာတူရိယာတွေကသာ လွှမ်းမိုးဆဲကာလလည်းဖြစ်တယ်။

၁၉၇၄ ခုနှစ်ကျော်ကာလ အရောက်မှာတော့ အသက် ၂၀ နှစ်အရွယ် လူငယ်တစ်စုဟာ လမ်းသစ်တစ်ခုကို ရွေးချယ်ဖောက်လုပ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေက အမြုတည်ခဲ့တဲ့ ခေတ်ပေါ် ရခိုင်သီချင်းတွေကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

ဒီဂီတတွေ ဖောက်ထွက်မှုဟာ ခေတ်ကာလအရ အလွန်ခက်ခဲနေတဲ့အချိန်ဖြစ်နေပေမယ့် ခေတ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးရာ ရောက်ခဲ့ပါတယ်။ ဒီဂီတတွေဟာ ခေတ်ဟောင်းတူရိယာတွေနဲ့ မွေ့ပျော်နေကြတဲ့ လူငယ်တွေကို နိုးထလာစေခဲ့တယ်။ ဒီကြိုးပမ်းချက်က ရခိုင့် “စတီရီယို” ခေတ်ဦးရဲ့ အပြောင်းအလဲကြီးကို အောင်မြင်စွာ တော်လှန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလို ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲက သန္ဓေရလာတဲ့ စတီရီယိုသံစဉ်တွေဟာ ၁၉၈၆ ခုနှစ် ပတ်ဝန်းကျင်မှာ “လှိုင်းလုံးချေ” လို့ အမည်ရတဲ့ ရခိုင်ဟန်၊ ရခိုင်ဆန်တဲ့ ရခိုင်ဖွဲ့သီချင်းတွေအဖြစ် ရခိုင် ပရိတ်သတ်တွေဆီကို ရောက်ရှိလာခဲ့ပါတယ်။ ဦးဆောင်သူကတော့ ကိုသန်းမောင် ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ သီချင်း ၁၆ ပုဒ်ပါတဲ့အထဲ သူကိုယ်တိုင်ရေးတဲ့ သီချင်း ၁၃ ပုဒ် ပါဝင်ခဲ့ပါတယ်။ ဒီစီးရီးကြောင့်လည်း အဆိုတော် ကိုသန်းမောင်ကို ရခိုင် ပရိတ်သတ်တွေ သိရှိလက်ခံခဲ့ကြပါတယ်။

“လှိုင်းလုံးချေ” တေးစီးရီးကနေ ၁၉၉၁ ခုနှစ်မှာ “သာလီစွ” ၊ ၁၉၉၇ ခုနှစ်မှာ “ရာဇဝင်” အစရှိတဲ့ တေးစီးရီးတွေဟာလည်း ကိုသန်းမောင်ရဲ့ လက်ရာအမြောက်ဆုံးနဲ့ ပရိတ်သတ်ယုံကြည်မှုကို အခိုင်အမာရစေခဲ့တဲ့ တေးစီးရီးတွေဖြစ်ပါတယ်။

အဲဒီတေးစီးရီးတွေထဲက “ရိုးရာကမမ၊ ဝီးလို့ကျန်လိုက် မြို့စစ်တွေ၊ ပိုးဝါသူ၊ ရာဇဝင်သစ်” အပါဝင် တခြားသော သီချင်းတွေဟာလည်း ဒီနေ့ခေတ်အထိ လူငယ်တွေကြားထဲမှာ ရှင်သန်နေသေးတဲ့ သီချင်းတွေဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းတွေမှာတော့ စာပေရေးသားတာ၊ သီချင်းတွေရေးသားတာတွေ အပါဝင် ကိုယ်သီဆိုမှုတွေကိုပါ လူငယ်တွေနဲ့ပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်ထိ သူဟာ ရခိုင်သီချင်းပုဒ်ရေ ၃၀၀ ကျော်ကို ရေးစပ်သီကုံးခဲ့ပြီး ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်က လမ်းသစ်ဖောက်လုပ်ခဲ့တဲ့ လှိုင်းလုံးချေ တေးစီးရီးဟာဆိုရင် ရခိုင့်စတီရီယိုခေတ်ဦးရဲ့ ပထမဆုံး ဖြစ်ခဲ့သလို အဲဒီစီးရီးကိုဘဲ ၂၀၀၀ ခုနှစ်မှာ VCD အဖြစ် ထုတ်တဲ့အခါမှာလည်း ရခိုင့် VCD လောကရဲ့ ပထမဆုံးခွေ ဖြစ်လာခဲ့ပါတယ်။ သူဟာ ရခိုင်ဂီတရဲ့ စွန့်ဦးတီထွင်တစ်ဦးဖြစ်သလို ရခိုင်စာပေယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ်သူတစ်ဦး ဖြစ်ပေမယ့် သူ့ငယ်ဘဝအချိန်တွေကတော့ ရခိုင်မှာ ကုန်ဆုံးခဲ့တာ မဟုတ်ပါဘူး။ သူ့အသက် ၆ နှစ်မှစပြီး ဖခင်တာဝန်ကျတဲ့ ဒေသတွေကို ပြောင်းရွေ့နေထိုင်ရင်း အတန်းပညာတွေကိုလည်း ရောက်ရှိတဲ့မြို့တွေမှာသာ သင်ယူခဲ့ရပါတယ်။ သူဟာ သတ္တမတန်းတစ်တန်းသာ စစ်တွေမှာနေထိုင်ပြီး ပညာသင်ယူခဲ့ဖူးပါတယ်။

ကိုသန်းမောင်ကို အဖ ဦးကျော်ဇောဝေနဲ့ မိခင် ဒေါ်သန်းကြည်တို့က ၁၉၅၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖခင်တာဝန်ကျရာ မော်လမြိုင်၊ သာယာဝတီ၊ ပုသိမ်၊ မင်းတပ်၊ စစ်ကိုင်းနဲ့  မြောင်းမြမြို့တွေကို ပြောင်းရွေ့နေထိုင်းရင်း ပညာသင်ကြားခဲ့ရပါတယ်။ စာတော်တဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသန်းမောင်ဟာ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သတ္တမတန်း၊ အဋ္ဌမတန်းနဲ့ နဝမတန်းတွေမှာ သုံးနှစ်ထပ်ကွမ်း လူရည်ချွန်အဖြစ် စစ်တွေ၊ စစ်ကိုင်းနဲ့ မြောင်းမြမြို့တို့က အသီးသီးရွေးချယ်တာကိုလည်း ခံခဲ့ရပါတယ်။

၁၉၇၂ ခုနှစ်တွင် မြောင်းမြမြို့ အထက(၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပါတယ်။ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်မှာ ဥပဒေပညာကိုသင်ယူပြီး ဥပဒေဘွဲ့ (LL.B) ရရှိခဲ့သလို ၂၀၀၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရဲ့ စီးပွားရေးရာဥပဒေမဟာဘွဲ့ (MA in Business Law) ကိုလည်း ထူးချွန်စွာ အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ ရန်ကုန်ရောက် ရခိုင်အသိုင်းအဝိုင်းရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဂီတနယ်ပယ်မှာ အလွန်ထင်ရှားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လေးဝတီ တီးဝိုင်းအဖွဲ့၊ ရခိုင်စာပေယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)ရဲ့ ဒုတိယ ဥက္ကဌ တစ်ဦးလည်းဖြစ်ပါတယ်။ ရခိုင်စာပေယဉ်ကျေးမှု မြင့်မားရေး၊ ရခိုင်ယဉ်ကျေးမှုဖော်ထုတ်ရေး စတဲ့အပိုင်းတွေ အပါအဝင် လူမှုရေးကိစ္စရပ်တွေမှာပါ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တဲ့အတွက် သူ့ကို ရခိုင်လူမျိုးတွေအပါအဝင် တခြားသောလူမျိုးတွေကပါ လေးစားခင်မင်ကြပါတယ်။

နောက်တစ်ခုက သူ့ရဲ့ အမျိုးသားရေးအပေါ်ထားတဲ့စိတ်၊ ရခိုင့်ဝိသေသလက္ခဏာတွေကြောင့် ၂၀၁၇ ခုနှစ်မှာ  တန်းခိုးဆရာထွန်း ဂီတစာဆိုဆု၊ ၂၀၁၉ ခုနှစ်မှာ ရခိုင်တံခွန်ဆု ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်နယ်အစိုးရကပေးတဲ့ ပြည်နယ်လူမှုထူးချွန်ဆု (ပထမအဆင့်) တို့ကို ရရှိထားသူလည်းဖြစ်ပါတယ်။

နိုင်ငံရေးသမားမဟုတ်တဲ့ ကိုသန်းမောင်

ဦးသန်းမောင်ဟာ နိုင်ငံရေးသမား တစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့ဟာ ဥပဒေပညာရှင် တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်အသိုင်းအဝိုင်းကတော့ သူ့ကို ဥပဒေပညာရှင်တစ်ဦးထက် ဂီတရဲ့ ရှေ့ဆောင်တစ်ဦး။ အနုပညာနဲ့ လူမှုရေးသမားတစ်ဦးအဖြစ် ပိုပြီးလေးစားကြတာလည်း ဖြစ်ပါတယ်။

ဦးသန်းမောင်ဟာ ပညာတတ်တစ်ဦးဖြစ်တာနဲ့အညီ ခေတ်အဆက်ဆက် အစိုးရအဖွဲ့တွေနဲ့လည်း ဆက်စပ်ပတ်သက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ရခိုင်စာပေယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)ရဲ့ ဥက္ကဌလည်း ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ ဦးသန်းမောင်ဟာ ၂၀၁၈ ခုနှစ်ဖွဲ့အစည်းခဲ့တဲ့ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်တွေယူခဲ့ပါတယ်။ အခုလက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဆဌမမြောက် တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့ပြန်ပါတယ်။

ဦးသန်းမောင် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့အပေါ်မှာ ရခိုင်လူမျိုးတွေအနေနဲ့ ဝိဝါဒအမြင်တွေ ကွဲပြားကြပါတယ်။ တော်လှန်ရေးအားပေးတဲ့ဘက်က ဦးသန်းမောင်ကို သစ္စာဖောက်တစ်ယောက်လို ရှုမြင်ကြပေမယ့်။ ရန်ကုန်မှာ ရှေးဦးနေထိုင်တဲ့ ရခိုင်အုပ်စုတွေကတော့ ဦးသန်းမောင်ကို လက်ခံကြိုဆိုကြပါတယ်။

ဦးသန်းမောင်ဟာ ရန်ကုန်ရခိုင်တွေရဲ့ လူမှုရေးနဲ့ ဂီတနယ်ပယ်တွေမှာ ထင်းရှားသလို နိုင်ငံရေး၊ လူမျိုးရေးနဲ့ ပတ်သက်ဆက်နွယ်ပြီးတော့ သမိုင်းအမည်းစက် မရှိခဲ့ပါဘူး။ အရင်ပြည်ထောင်စု ဒု-ဝန်ကြီးလုပ်ခဲ့တဲ့ သူညီ ဦးဇော်အေးမောင်လို လူပြောမများတဲ့ သာမန်လူတစ်ဦးဖြစ်ပါတယ်။ ဦးသန်းမောင်လို ရန်ကုန်အနေများတဲ့ ရခိုင်တစ်ဦး၊ ခေတ်အဆက်ဆက် အစိုးရယန္တရားလည်ပတ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးအတွက် ပြည်ထောင်စုဝန်ကြီး ကမ်းလှမ်းမှုအပေါ် ရွေးချယ်ခဲ့တာကတော့ အဆန်းလည်း မဟုတ်ပါဘူး။

ရာဇပလ္လင်ပေါ်က ပံတျာလက်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလာဒ်ကို သုံးသပ်ကြတဲ့နေရာမှာ ဒု-သမ္မတနေရာဟာ တိုင်းရင်းသားထဲက တစ်ဦးဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒီပုဂ္ဂိုလ်ဟာလည်း ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ဆိုပြီး ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် တကယ့်အစိုးရဖွဲ့စည်းတဲ့အချိန်မှာ ဦးအေးမောင် ပါမလာခဲ့ပါဘူး။

စစ်ကောင်စီဟာ လက်ရှိသူ့ရဲ့ အစိုးရယန္တရားအတွက် နိုင်ငံရေးသမားထက် သူ့စစ်အုပ်စုက လူတွေနဲ့ ပညာရှင်တွေကိုသာ လိုအပ်ခဲ့ပုံပေါက်ပါတယ်။ နိုင်ငံတကာအသိုင်းဝိုင်း၊ အာဆီယံအသိုင်းအဝိုင်းမှာ မျက်နှာပန်းလှဖို့ ဒီလူတွေကိုရွေးချယ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဆိုတော့ တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲ ဆိုတဲ့အတွက် ပြည်ထောင်စုအဆင့်မှာတောင် တိုင်းရင်းသားတွေကို ဝန်ကြီးနေရာပေးတယ်ဆိုတဲ့ ဂုဏ်ကိုလည်း စစ်ကောင်စီက လိုချင်ပုံပေါက်ပါတယ်။

အဲဒီနေရာအတွက် ဘယ်သူ့ကိုပေးမလဲဆိုရင် ဘဝတစ်လျှောက်လုံး အစိုးရနဲ့ အလျဉ်းသင့်လာတဲ့ ဦးသန်းမောင်ဟာ စစ်ကောင်စီအတွက် အသင့်တော်ဆုံး ရခိုင်တိုင်းရင်းသားဖြစ်လာပါတယ်။ ရခိုင်အသိုင်းအဝိုင်းက ချစ်ခင်မှုကို ရထားတဲ့ ဂီတသမားတစ်ဦး၊ ပြည်ထောင်စုအဆင့်၊ နိုင်ငံတကာအဆင့် ပေါက်ရောက်တဲ့ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ ဦးသန်းမောင်ကို စစ်ကောင်စီက ရွေးချယ်ခဲ့တာဟာ အဆန်းတော့မဟုတ်ပါ။ သူ့လိုလူကိုသာ မရွေးရင် တခြားမရှိ။

ဆိုတော့ ဦးသန်းမောင်က ရခိုင်ပြည်အတွက် ဘာတွေလုပ်နိုင်မလဲဆိုရင် သိပ်ပြီးတော့ထူးထူးခြားခြား လုပ်ပေးနိုင်မယ့်ပုံ မရှိပါ။ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအစိုးရဖွဲ့ခါစက ဒေါ်အေးနုစိန် ပါဝင်ခဲ့ပါတယ်။ NLD အစိုးရ လက်ထက်မှာလည်း ဦးဖေမြင့်တို့၊ ဦးအောင်လှထွန်းတို့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေဖြစ်ခဲ့တယ်။ ဦးအေးသာအောင်ဟာလည်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌဖြစ်ခဲ့တယ်။ ဘာတွေများ လုပ်နိုင်လို့လဲ။ အဲဒီဘောင်ထဲ၊ အကွက်ထဲမှာသာ ရှင်သန်နေထိုင်ပြီး အချိန်တန်ရင် အသာလေး မသိလိုက်မသိဘာသာ ငုတ်လျှိုးသွားကြတဲ့အဆင့်သာ ဖြစ်ပါတယ်။ အဓိကတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဘယ်သူတက်တက် အဆင်သင့်နေရုံ သက်သက်ပါ။

ဒါ့ကြောင့် ဦးသန်းမောင်ဟာလည်း ရန်ကုန်ရခိုင်တို့ရဲ့ရှေ့မှာ ဟန်ရေးပြရုံခန့်သာ လုပ်ပြနိုင်ပါလိမ့်မယ်။ တချို့ဆိုကြသလို လက်ရှိရခိုင်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းလုပ်ငန်းစဉ်းတွေမှာ သူပါဝင်လာနိုင်တယ်လို့ ထင်ကြေးပေးကြပေမယ့် လက်ရှိအချိန်ထိတော့ ဒီလိုသဘောတရားတွေကို မတွေ့ရသေးပါဘူး။ စိတ်ဝင်စားမိတာက သူချစ်တယ်လို့ သီချင်းတွေမှာ ခဏခဏရေးလေ့ရှိတဲ့ ရခိုင်လူမျိုး၊ ရခိုင်ပြည်အတွက် ဇရပလ္လင်ရောက်ခိုက်မှာ သူ့ရဲ့ ပန်တျာလက်နဲ့ ဘယ်လိုများ “က”ပြနိုင်မလဲ ဆိုတာပါပဲ။

ရန်ကုန်ရခိုင်

ရန်ကုန်ရောက် ရခိုင်တွေကိုကြည့်ရင် အခုအထိ အနည်းဆုံးမျိုးဆက် ၃ ဆက်လောက်တော့ ရှိနိုင်ပါတယ်။ ဒီအထဲမှာ ပထမဆုံးမျိုးဆက်တွေနဲ့ ဒုတိယမျိုးဆက်တွေဟာ ခေတ်ပညာတတ်ကြတယ်။ တက်လာတဲ့ အစိုးရတိုင်းနဲ့ အဆင်ပြေပြေ ရာထူးရာခံတွေကို ယူထားခဲ့ကြတဲ့ လူချမ်းသာရခိုင်တွေ ဖြစ်ကြတယ်။ ဒီမျိုးဆက်တွေဟာ အခုအချိန်ထိ ရန်ကုန်(ရခိုင်) အုပ်စုတွေထဲမှာ လွှမ်းမိုးနေရာယူနေကြဆဲ ဖြစ်ပါတယ်။

သူတို့ဆောင်ရွက်ချက်တွေဟာ ရခိုင်ပြည်၊ ရခိုင်လူမျိုး တိုးတက်ကောင်းစားရေးထက် ရန်ကုန်လို တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ဒေသမှာ ရခိုင်ဖြစ်မှု၊ ရခိုင်ရာဇဝင်ကြီးမှုတွေကို တစ်ခြားလူမျိုးတွေနည်းတူ ပြသချင်ရုံပါ။ ဥပမာ- ပြည်ထောင်စုအဆင့် ပွဲလမ်းသဘင်တွေမှာ တခြားတိုင်းရင်းသား ၃ ဦးပါရင် ရခိုင်လည်း ၃ ဦး ပါရမယ် ဆိုသလို။ ဘယ်အခြေအနေပဲရောက်ရောက် မိမိတို့ရမယ့် အခွင့်အရေးကို အပြည့်အဝယူမယ်ဆိုတဲ့ သဘောပါ။

နောက်မျိုးဆက်ကတော့ တတိယမျိုးဆက်ပါ။ ဒီလူတွေဟာ ရွေ့ပြောင်းအခြေချလာကြသူတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေ၊ ပညာရေးအခြေအနေတွေကြောင့် ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ကြသူတွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ စစ်ရှောင်ရောက်ရှိလာသူတွေ ပိုများပါတယ်။

ဆိုတော့ ရန်ကုန်မှာ အခုလို ရခိုင်တွေ အုံလိုက်ကျင်းလိုက် ရောက်ရှိလာတာမှုဟာ ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်တို့အတွက် သိပ်ပြီးကျေနပ်နေရာယူစရာ ဖြစ်လာပါတယ်။ ဥပမာ- ရခိုင်သင်္ကြန်ပွဲတွေကို မျှော်ကြည့်ရင် သိနိုင်ပါတယ်။ ရှေးက ရောက်နှင့်ပြီးသား ရန်ကုန်ရောက် (ရှေးဦး)ရခိုင်တွေဟာ နောက်ရောက်လာတဲ့ ရခိုင်တွေကို အမျိုးသားရေးဆိုတဲ့ ဝေါဟာအောက်က စည်းရုံးသိမ်းသွင်းရ သိပ်လွယ်ကူပါတယ်။

ဦးသန်းမောင်ဟာလည်း ဒီလိုမျိုး ပထမနဲ့ ဒုတိယ လူတန်းစားထဲက တစ်ဦးသာဖြစ်ပါတယ်။ သူ့မှာ ရခိုင်ဖြစ်သည့်အတွက် ချစ်တယ်လို့ဆိုရုံ သက်သက်သာဖြစ်တယ်။ ရခိုင့်ရေမြေအပေါ် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ရခိုင်တစ်ဦးလို ရခိုင်တို့ရဲ့ ဘုံခံစားမှုတွေကို နားလည်ကိုယ်ချင်းစာဖို့ အတော်လေးခက်မိမှာ ဖြစ်ပါတယ်။

နိဂုံး

ခြုံငုံကြည့်ရရင်တော့ ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေမှာ တစ်ခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင်စရီယိုသီချင်းတွေနဲ့ သီဆိုခဲ့ကြတယ်။ ဒါကို ခံစားမိပြီးတော့ ရခိုင်သီချင်းတွေလည်း ဖြစ်စေရမယ်ဆိုတဲ့ လူငယ်တစ်ဦးရဲ့ စွန့်ဦးတီထွင်မှုဟာ ဒီနေ့အထိ ရခိုင်ပြည်သူတွေရဲ့ ဒုက္ခမျိုးစုံထဲမှာတောင် လွှမ်းမိုးနေဆဲဖြစ်တယ်။ သူရေးခဲ့တဲ့ သီချင်းတွေဟာ ရခိုင့်လူမျိုး၊ ရခိုင့်ပြည်သူ၊ ရခိုင့်ရေမြေအပေါ် အမှန်တကယ် ချစ်ခင်လို့ရေးခဲ့၊ ဆိုခဲ့တာပဲဖြစ်စေ။ ရန်ကုန်ရောက် တခြားသောတိုင်းရင်းသားတွေကြားမှာ “ရခိုင်”ဖြစ်မှုကို ဟိတ်ဟန်ပြရန် ရေးခဲ့ဆိုခဲ့တာပဲဖြစ်စေ ကိုသန်းမောင်ဟာ သူ့သမိုင်းကို သူရေးခဲ့တာပဲဖြစ်တယ်။

ဒါပေမယ့် သူဟာ ရခိုင်စတီရီယိုခေတ်ဦးရဲ့ စွန့်ဦးတီထွင် သမိုင်းရေးသူတစ်ဦးအဖြစ် ရခိုင်သမိုင်းထဲမှာ ရှိနေမှာဖြစ်တယ်။ နောက်ပြီး သူဆိုခဲ့တဲ့သီချင်းတွေ၊ သူရေးခဲ့တဲ့ သီချင်းတွေဟာလည်း ရခိုင်လူမျိုးတွေ အဆက်ဆက် ရှေ့ကိုလွှမ်းပြီး ရှိကောင်းရှိနိုင်ပါတယ်။ သူ့ဂီတနဲ့ သူ့အပေါ် လေးစားဂုဏ်ယူနေကြသူတွေလည်း ရှိနေကြဦးမှာပါ။

တကယ်တော့ ဦးသန်းမောင် ရာဇပလ္လပင်ပေါ်တက်ထိုင်မှုဟာ အမျိုးသားရေး၊ နိုင်ငံရေးလို့ အသံကြီးဟစ်ပြီး ရရာပလ္လပင်ကို တက်ထိုင်မိခဲ့ခြင်းတော့မဟုတ်။ သာမန်လူတစ်ဦးအဖြစ် တက်ထိုင်မိခဲ့ခြင်းသာဖြစ်ပါတယ်။ ပလ္လင်မက်နေတဲ့ တချို့သောရခိုင်ခေါင်းဆောင် အမည်ခံတွေနဲ့ နှိုင်းရင်တော့ ဦးသန်းမောင်ဟာ “အနူတော ကိုလူချော” တစ်ဦးလို့ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် လူဆိုတာက သမိုင်းကို လှအောင်ဖြစ်စေ၊ ဆိုးအောင်ဖြစ်စေ ပြီးဆုံးအောင် ရေးကြရတာဖြစ်တယ်။ ဦးသန်းမောင်ဟာလည်း သမိုင်းအစကို လှပစွာ ရေးသားနိုင်ခဲ့ပါတယ်။ အခုသမိုင်းအလည်မှာ လမ်းလျှော်ခဲ့တယ်ဆိုပေမယ့် သူ့သမိုင်းရဲ့နိဂုံးကို ဘယ်လိုချုပ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

“လူတစ်ယောက်ရဲ့ သမိုင်းမှာ ရိုးသားမှု၊ မရိုးသားမှုဆိုတာက သူ့ရဲ့ နောက်ဆုံးအချိန်မှသာ ပိုပြီး ပြည့်စုံကောင်းမွန်တာပဲ မဟုတ်လား”

စောရမင်းမာန် ရေးသည်

မှီငြမ်း - ဝကီပီဒီးယား၊ အာရက္ခမီဒီယာအင်တာဗျူး 

May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...