ပိုးဝါ — ရခိုင်ပြည်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး လမ်းပြုပြင်နေသည့်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှဗုံးကြဲ၍ ဘတ်ဟိုးမောင်းသူတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဘတ်ဟိုး မောင်းသူ မအီမြို့နယ်၊ ဂျီဖြူတောင်ရွာသားဖြစ်ပြီး နောက်ထပ် ခုနစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဂျီဖြူတောင်က တစ်ယောက်ကတော့ လမ်းပြင်ဖို့ရောက်နေတာပါ။ သူဆုံးသွားတယ်။ ဒဏ်ရာရတဲ့အထဲမှာတော့ လေးယောက်က စိုးရိမ်ရတယ်။ သုံးယောက်ကတော့ မစိုးရိမ်တဲ့ ခြေ၊ လက် တွေကိုထိတယ်လို့ သိရပါတယ်” ဟု ပြောသည်။
မေလ ၂၈ ရက်၊ နံနက် ၆ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၇ နာရီကျော်တွင် တစ်ကြိမ်ဖြင့် ဂျက်ဖိုက်တာနှစ်စီးနှင့် Y-12 နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တစ်နာရီကျော်လောက် သွားလိုက်၊ လာလိုက်ကြဲတာ။ ကျနော် ရေထားတာ ဗုံးအလုံးရေ ၃၀ လောက်ရှိတယ်“ဟု ဆက်ပြောသည်။
အဆိုပါနေရာအနီးပတ်ဝန်းကျင်ကို Y-12 လေယာဉ်ဖြင့် ကင်းထောက်နေသည်မှာ နှစ်ရက်ခန့်ရှိပြီဟု သိရသည်။
သို့သော် ဗုံးကြဲခံရမည်ဟု မမျှော်လင့်ထား၍ လမ်းပြီးအောင် ဆက်လုပ်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မေလ ၂၇ ရက်နှင့် ၂၆ ရက်တို့တွင်လည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် အရပ်ဖက်နေရာများကို အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက် တိုက်ခိုက်ခံခဲ့ရမှုအတွင်း စနဲမြို့၊ ကံပြင်စုရပ်ကွက်မှ ဦးမောင်ရွှေစိန်(၇၈)နှစ်သေဆုံးခဲ့ရသလို ဒဏ်ရာရသူအနည်းငယ်လည်း ရှိခဲ့သည်။
ယင်းအပြင် စနဲမြို့၊ တောင်ငူစုရပ်ကွက်က ဈေးဆိုင်ခန်း ၇၀ နှင့် လူနေအိမ် ၁၄ လုံးလည်း မီးလောင်ပြာကျသွားခဲ့ရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်ကလည်း စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို တောင်ဦးမော်ရေတပ်စခန်းက ဗုံးကြဲတိုက်ခိုက်၍ လူနေအိမ် ၁ဝဝ ကျော် မီးလောင်ပျက်စီးသွားခဲ့ရသေးသည်။







