ကရင်နီပြည်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ အမှတ် ၆ ကနေ “ရဲဘော်ဝမ်းရေး မိုးတွင်းရိက္ခာ” ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
ကမ်ပိန်း ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ (KNDF) ဗျူဟာအမှတ်(၆) ရဲ့ စစ်နည်းဗျူဟာမှူး က မေလ ၂၆ ရက်နေ့မှာ ဗီဒီယိုဖိုင်နဲ့တကွ အခုလို အသိပေးပြောဆိုထားပါတယ်။
"ကျနော်တို့ဒီဗျူဟာမှာဆိုရင် တပ်ပေါင်းစည်းရေးအနေနဲ့ရော ပိုကျစ်လစ်ခိုင်မာတဲ့ တပ်တစ်ခုအနေနဲ့ဆိုပြီးတော့ ကျနော်တို့က ကျနော်တို့အမျိုးသားများ ကာကွယ်ရေးတပ်မှာ ချမှတ်ထားတဲ့ ဂတိသစ္စာအဓိဌာန် ၅ ချက်ကို ကိုင်ဆွဲပြီးတော့ ကျနော်တို့က ဒီတော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက် ကျနော်တို့ဗျူဟာမှာ လိုအပ်ချက်ရှိနေတဲ့ အခြေခံလိုအပ်ချက်ရှိနေတဲ့ ရှေ့တန်းရဲဘော်တွေအတွက်ဆိုပြီးတော့ ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။" လို့ (KNDF) ဗျူဟာအမှတ်(၆) ရဲ့ စစ်နည်းဗျူဟာမှူးက ဆိုပါတယ်။
အခုလို မိုးတွင်းကာလမှာ တော်တောင်တွေထဲ၊ မိုးရေတွေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းစစ်မြေပြင်က ရဲဘော်တွေအတွက် ရိက္ခာဟာ အရေးကြီးဆုံးအရာဖြစ်တာကြောင့်လည်း ကမ်ပိန်းကိုပြုလုပ်တာလို့ ဆိုပါတယ်။
“ရဲဘော်ဝမ်းရေး မိုးတွင်းရိက္ခာ” ကမ်ပိန်းကိုတော့ ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့အထိ တစ်လသာ ပြုလုပ်သွားမှာ ဖြစ်ပြီး ကမ်ပိန်းကနေ ရရှိမည့် ဆုမဲ အနေနဲ့တော့ ပထမဆု ကို Wave Alpha ထိုင်းဘီးဆိုင်ကယ် တစ်စီး၊ ဒုတိယဆု ကိုတော့ Mini Starlink တစ်လုံး ၊ တတိယဆု ကိုတော့ ရွှေနားကပ် တစ်စုံ နဲ့ အခြား အမှတ်တရဆုမဲ (၁၀) ဆု ကိုလည်း စီစဉ်ပေးထားတာပါ။
ဆုမဲ ပါဝင် အားဖြည့်နိုင်ဖို့ကိုတော့ မဲလက်မှတ် တစ်စောင်ကို မြန်မာငွေ ကျပ်ငွေ ၁သောင်း နဲ့ ထိုင်းငွေအားဖြင့် ၁၀၀ ဘတ် ၊ စင်ကာပူ ငွေနဲ့ ၄ ဒေါ်လာ စသဖြင့် နိုင်ငံအသီးသီးကနေ ပါဝင်ဝယ်ယူနိုင်ပါတယ်။
"လိုအပ်ချက်ကတော့ အချိန်တိုင်းပါပဲ။ တစ်ခုက အခုလို မိုးတွင်းက လမ်းအခက်ခဲက တပိုင်း။ အဲ့အပေါ်မှာ ရိက္ခာ နဲ့ ပတ်သက်ရင် စုဆောင်းရေး ရရှိရေးအခက်ခဲကော သယ်ယူရေး အခက်ခဲပါ ရှိလာတာပေါ့။ ဆိုတော့ လိုအပ်ချက် ပိုလာတဲ့ အနေအထားအတွက် ပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။"လို့ အဆိုပါ ကမ်ပိန်းအတွက် ထောက်ပို့ လုပ်ဆောင်ကူနေ တစ်ဦးက ဆိုပါတယ်။
KNDF ဗျူဟာအမှတ်(၆) အောက်မှာတော့ KNDF တပ်ရင်း ၁၀၊ တပ်ရင်း ၁၅ နဲ့ တပ်ရင်း ၃၄ တို့ ပါဝင်ပါတယ်။
လက်ရှိမြေပြင်တော်လှန်ရေးဟာလည်း လူထု တော်လှန်ရေးဖြစ်တာကြောင့် ရှေ့တန်းမှာ ရဲဘော်တွေ တောင့်ခံနိုင်ဖို့ နောက်ကနေ အတူတကွ ပါဝင်အားဖြည့်ပေးကြဖို့ကိုလည်း (KNDF) ဗျူဟာအမှတ်(၆) ရဲ့ စစ်နည်းဗျူဟာမှူးက တိုက်တွန်း ဖိတ်ခေါ်ထားပါတယ်။







