ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ ပိတ်ဆို့ထားပြီး တိုက်ပွဲများ ဖြစ်နေ၍ ပြည်မဘက်မှ ဝင်နေသည့် အခြေခံကုန်စည်များမှာ ပြတ်လပ်နေပြီး ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ စ၍ ရခိုင်- မကွေး ကုန်သွယ်ရေးလမ်ကြောင်းတွင် ရှိသည့် ဆောမြို့နှင့် ကံကြီးရွာတွင် တပ်စွဲနေရာယူပြီးနောက် ရခိုင်- ဆော ကုန်သွယ်ရေးလမ်းကြောင်းလည်း လုံးဝ ပြတ်တောက်သွားခဲ့ရသည်။
ယင်းကြောင့် ပြည်မဘက်မှ လာသည့် အမျိုးသမီးလစဥ်သုံး Blue တစ်ဆွဲကို ယခင်က ငွေကျပ် ၂၄,၀၀၀ ရှိရာမှ လက်ရှိတွင် ငွေကျပ် ၃၅,၀၀၀၊ ရွှေဝါဆပ်ပြာအထူ တစ်ဖာကို ငွေကျပ် ၁၈၀,၀၀၀ ကနေ ငွေကျပ် ၂၄၀,၀၀၀၊ ကာဗွန်လိုက် ဆပ်ပြာတစ်ဖာကို ငွေကျပ် ၁၄၇,၀၀၀ ကနေ ငွေကျပ် ၁၈၀,၀၀၀ကျပ်၊ ပဲခူးမြ ဆေးပေါ့လိပ် ဖက်ကြမ်း တစ်ထုတ်ကို ငွေကျပ် ၃,၅၀၀ ကနေ ၇,၅၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်သွား ကြောင်း သိရသည်။
ယင်းအပြင် အခြေခံ ဆေးဝါးများဖြစ်သည့် သန္ဓေသားတားဆေး စိတ်ချ တစ်ကဒ် ကို ငွေကျပ် ၆,၀၀၀ ရှိရာမှ လက်ရှိတွင် ၈,၀၀၀ ကျပ်၊ ထက်လင်း တစ်ဗူးကို ငွေကျပ် ၃,၀၀၀ မှ ၄,၀၀၀ကျပ်၊ မဟာဖြေ ဆေးဗူး တစ်ဗူးကို ငွေကျပ် ၄,၀၀၀ မှ ၅,၀၀၀ ကျပ်၊ ဗိုက်တာဟုန်း တစ်ကဒ်ကို ငွေကျပ် ၄,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။
“ ကျောက်တော်က ဖာလိုက်ဈေးတွေတောင် သောင်းဂဏန်းတွေအထိ ဈေးတက်နေတာ။ ရွာက ဆိုင်တွေမှာ လည်း ပစ္စည်းတစ်ခုချင်းစီကို ဈေးတက်သွားတာပေါ့။ အချိုရည်ဘူးတွေဆို တစ်ဘူးက ၅၀၀ ၊ ၁,၀၀၀ ဈေးတက်သွားတယ် ” ဟု ကျောက်တော်မြို့နယ်က ကုန်စုံဆိုင်ပိုင် အမျိုးသမီး ဒေါ်စိုးစိုးက ပြောသည်။
ရခိုင်ပြည်အတွက် အခြေခံလူသုံးကုန်များကို မကွေးတိုင်း ဆောလမ်းကြောင်းနှင့် အိန္ဒိယ လမ်းကြောင်းကနေ အဓိက တင်သွင်းခဲ့ပြီး ယခုအခါ ဆောလမ်း ပိတ်နေသဖြင့် ပြည်မထုတ် ကုန်ပစ္စည်းများ ဈေးမြင့်တက်နေခြင်းဖြစ်သည်။
ထို့အတူ ရခိုင်ပြည်သူ ယခင်နှစ်ပေါင်းများစွာကနေ ဗမာပြည်ထုတ် ကုန်ပစ္စည်းများဖြင့် ရင်းနှီးကျွမ်းဝင် အသုံးပြုသူများဖြစ်သဖြင့် အိန္ဒိယနိုင်ငံထုတ် ကုန်စည်များထက် မြန်မာထုတ်ကုန်များကို ပိုပြီး လူကြိုက်များသည်။
“ အိန္ဒိယ ပစ္စည်းထက်စာရင် ရန်ကုန် ပစ္စည်းက လူကြိုက်များတယ်။ ပစ္စည်းတွေကတော့ မပြတ်ကြသေးဘူး။ ကုန်အများကြီးရလိုက်တဲ့ လူတွေက ဈေးတင်ပြီး ရောင်းကြတုန်း။ ရန်ကုန်ပစ္စည်းကတော့ လုံးဝပိတ်သွားပြီး နောက်ထပ် မဝင်ရင်တော့ ပြတ်သွားမှာ။ ဒါက နောင်ရေးအခြေအနေဆိုးတယ် ” ဟု ကျောက်တော်မြို့ခံ ကုန်သည် တစ်ဦးက ပြောသည်။
အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးသည့် ရခိုင်ဒေသခံများမှာ တိုက်ပွဲများ စတင်သည့် ၂၀၂၃ မှ စ၍ ကုန်ဈေးနူန်းမြင့်တက်သည့် ဒဏ်ကိုခံစားခဲ့ကြရသည်။
လက်ရှိမှာလည်း အဓိက ကုန်စီးဆင်းသည့် ဆောလမ်းကြောင်းကို စစ်တပ်နေရာယူ ပိတ်ထားဆို့ထားသဖြင့် အိန္ဒိယလမ်းကြောင်း တစ်ခုသာ ရခိုင်ပြည်အတွက် အသက်ရှူပေါက်ဖြစ်နေသည်။
သို့သော်လည်း မိုးဦးရာသီဖြစ်သဖြင့် ကုန်းတစ်တန်၊ ရေတစ်တန်သွားရသည့် အိန္ဒိယကုန်သွယ်ရေး လမ်းကြောင်းမှာလည်း မြေပြိုခြင်း လမ်းခရီး ကြမ်းတမ်းမှုများနှင့် အချိန်ကြန့်ကြာမှုများရှိနေသည်။
ထိုသို့ အခြေခံကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခြင်းသည် စစ်ဘေးဒဏ်သင့် ရခိုင်ပြည်သူများအတွက် မိုးရာသီတွင် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများစွာ ဖြစ်လာနိုင်ကြောင်း ပြောဆိုနေကြသည်။
“ ပစ္စည်းတစ်ခုက ၁,၀၀၀ ဈေးတက်တာနဲ့ ဈေးကပစ္စည်း သုံးခုဝယ်ရင် ၃,၀၀၀ ဈေးတက်တာပေါ့။ ကုန်ဈေးနှုန်းကအမြဲ တက်နေတာပဲလို့ ထင်ရပေမယ့် တစ်ရက်လုပ်တစ်ရက်စားတဲ့ သူတွေကျတော့ ပစ္စည်း တစ်ခုက ၅၀၀ ဖြစ်ဖြစ် ၁,၀၀၀ ဖြစ်ဖြစ် ဈေးတက်လာရင်ကို သိသာလွန်းတယ် ” ဟု ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်တစ်ပြည်လုံးအတိုင်းအတာဖြင့် ကုန်းဈေးနှုန်းများ ဧပြီလကုန်ပိုင်းမှ စ၍ ဈေး နှုန်းများ ထိုးတက်လာ သောကြောင့် ရခိုင်ကစစ်ဘေးရှောင်များ အပါအဝင် ရခိုင်ဒေသခံများ အကျပ်အတည်းနှင့် ရင်ဆိုင်လာကြရသည်။
ကုလသမဂ္ဂ၏ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် (WFP) က အခြေခံစားသောက်ကုန်စျေးနှုန်းသည် မြန်မာတစ်နိုင်ငံ လုံးအနှံ့ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး၊ ရခိုင်ပြည်၌ ၃၁ ရာခိုင်နှုန်း အထိ မြင့်တက်နေကြောင်း ဆိုသည်။
ထိုသို့ ကုန်စျေးနှုန်းမြင့်တက်မှုက ဝင်ငွေ၊ စုဆောင်းငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မိသားစုများအတွက် အခြေခံစားသောက်ကုန်များကိုပင် ဝယ်ယူစားသောက်နိုင်ရန် လက်လှမ်းမမီနိုင်သော အခြေအနေသို့ တွန်းပို့နေကြောင်းလည်း ကမ္ဘာစားနပ်ရိက္ခာအစီအစဥ် (WFP) ၏ မေလ ၁၈ ရက် ထုန်ချက်တွင် ဖော်ပြသည်။







