ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက မြို့နယ်များကို စစ်အုပ်စုက အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ယင်းမြို့နယ်များရှိ ဒေသခံများကို ဒေသကာကွယ်ရေးတပ်များက ခရီးသွားလာခွင့်များကို ပိတ်ပင်ထားသည်။
စစ်အုပ်စုသည် ရခိုင်ပြည် တောင်ကုတ်မြို့နယ်နှင့် ထိစပ်နေသည့် မင်းတုန်းမြို့ကို မေလ ၂၂ ရက်က သရက်ခရိုင် ကပစ(၁၂)က ထွက်လာသည့် စစ်အုပ်စု၏ အင်အား ၁,၀၀၀ ကျော်ပါသည့် စစ်ကြောင်းမှာ မင်းတုန်းမြို့ပေါ်သို့ ရောက်ရှိနေကြောင်း သိရသည်။
ထို့အတူ မကွေးတိုင်း ဆောမြို့နယ်ကတစ်ဆင့် ချင်းပြည်တောင်ပိုင်းရှိ ကန်ပက်လက်မြို့နယ်အတွင်းကိုလည်း စစ်အုပ်စုက ထောင်နှင့်ချီသည့် အင်အားဖြင့် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများရှိနေသည်။
ယင်းကြောင့် စစ်အုပ်စုသည် ရခိုင်ပြည်နှင့် ထိစပ်နေသည့် တိုင်းနှင့်ပြည်နယ်များကို စစ်အင်အားတိုးချဲ့ပြီး ဖြည့်တင်းလာခြင်းမှာ ပဲခူးနှင့် ဧရာဝတီဖက်က ထိုးစစ်များ မအောင်မြင်သည့်အတွက် စစ်ဗျူဟာ အပြောင်းအလဲလုပ်ပြီး ဘက်ပေါင်းစုံက ဖိအားပေးလာခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်နေသူတို့က ရှုမြင်သည်။
“ ရခိုင်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်းက မြို့နယ်တွေကို အင်အားဖြည့်တင်းတာ၊ ချင်းတောင်ပိုင်းက မြို့နယ်တွေကို ထိုးစစ်ဆင်နေတာတွေဟာ စစ်တပ်က ရခိုင်ပြည်ကို စစ်ရေးအရ ခြိမ်းခြောက်ဖို့နဲ့ ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းလာနေတာဖြစ်တယ်။ သူတို့ရဲ့ ပဲခူးနဲ့ ဧရာဝတီဖက်က ထိုးစစ်တွေဟာ မအောင်မြင်တဲ့အခါ မကွေးနဲ့ ချင်းဖက်ကနေ ဗျူဟာပြောင်းပြီး ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းလာနေတာဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် မကွေးတိုင်း ဆောမြို့နယ်အတွင်းကိုလည်း တပ်မ ၅၅၊ တပ်မ ၈၈၊ တပ်မ ၉၉ နှင့် တပ်မ ၁၀၁ တို့က ထုတ်နုတ်အင်အား ထောင်နှင့်ချီ စစ်ကြောင်းဖြင့် ကျောက်ထုမြို့ အမတ- ၃၆၈ တပ်ရင်းကို ဦးတည် စစ်ကြောင်းချီနေခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသည်။
အခြားတစ်ဖက်တွင်လည်း စစ်အုပ်စု၏ အင်အားထောင်ချီပါသည့် စစ်ကြောင်းများကို မကွေးတိုင်း ပေါက်-တပြင်း-ကျောက်ထု လမ်းပိုင်းတွင် ယောတပ်တော်(YA)နှင့် မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်နေသဖြင့် နေ့စဉ်တိုက်ပွဲများရှိကြောင်း ယောတပ်တော်က ထုတ်ပြန်ထားသည်။
ရခိုင်စစ်ရေးစောင့်ကြည့်နေသူ နောက်တစ်ဦးက “ တပ်ချုပ်ရဲဝင်းဦးတက်လာပြီးနောက်ပိုင်း ရခိုင်ပြည်ကို အထူးသတိပေးပြီး စစ်ဆင်ရေးလုပ်မယ့် အရိပ်အယောင်တွေပြနေတာ။ လက်တွေ့မှာလည်း ရတဲ့နည်းနဲ့ ဝင်ပေါက်ရှာပြီး ထိုးဖောက်ဖို့ကြိုးစားနေတာ အားလုံးမြင်မှာပါ။ အဓိက ကုန်သွယ်ရေးလမ်း ဆောလမ်းနဲ့ မင်းတုန်းကို ပိတ်ဆို့ပြီး ချဉ်းကပ်နေတယ်။ ဒါကြောင့် မကြာမီကာလအတွင်းမှာ ရခိုင်ပြည်စစ်ရေးက စိတ်ဝင်စားဖို့ ရှိနေမယ် ” ဟု သုံးသပ်သည်။
လက်ရှိတွင် စစ်အုပ်စုက ထိုးစစ်ဆင်နေသည့် မကွေးတိုင်း မင်းတုန်းမြို့နယ်နှင့် ဆောမြို့နယ်က လမ်းပိုင်းများကို ဒေသခံများအနေဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဒေသ ကာကွယ်ရေးတပ်များက သတိပေးထားသည်။
စစ်အုပ်စုသည် ရခိုင်ပြည်သို့ ပြည်မက ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဝင်ပေါက်အားလုံးကို ပိတ်ဆို့ပြီး စစ်ရေးအရ အင်အားဖြည့်တင်းမှုများကိုလည်း ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
တပ်ချုပ်သစ် ဗိုလ်ချုပ်ရဲဝင်းဦးတက်လာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံ့အထူသဖြင့် ချင်းပြည်နယ်၊ မန္တလေး၊ ကရင်၊ တနင်္ဿာရီတိုင်းတို့တွင် တော်လှန်ရေးတပ်များ ထိန်းချုပ်ဒေသများကို ပြန်လည်သိမ်းပိုက်နိုင်မှုများ ရှိနေသဖြင့် စစ်တပ်အနေဖြင့် နောက်ထပ်လည်း ထိုးစစ်အရှိန်မြှင့်လာနိုင်ကြောင်း သုံးသပ်နေကြသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများထဲ အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်သည် အာဏာသိမ်းစစ်တပ်လက်အောက်သို့ နယ်မြေပေးရခြင်းလုံးဝ မရှိသေးသည့် နေရာဖြစ်နေသည်။







