မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန် ဖယ်ရီကြိုပို့ရာတွင် လုံခြုံစိတ်ချရသည့် လမ်းကြောင်းကို အလုပ်ရှင်များက စီစဉ်ပေးရန် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဥရောပကုန်သည်ကြီးများအသင်း (Eurocham Myanmar) အား တောင်းဆိုခဲ့သည်။
မေလ ၂၁ ရက် ညနေ ၃ နာရီ မှ ၄ နာရီခွဲအထိ ပြုလုပ်သည့် MICS နှင့် Eurocham Myanmar တို့အကြား ပြုလုပ်ခဲ့သည့် အွန်လိုင်းဆွေးနွေးပွဲတွင် ထိုသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ OT ကအပြန်မှာ ပေါ်တာဆွဲခံရတဲ့ကိစ္စတွေ၊ လုပ်ငန်းခွင်ထဲအထိ ဝင်ပြီး ပေါ်တာဆွဲတာတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ပထမတချက်ကတော့ ဖယ်ရီသွားတဲ့ လမ်းကြောင်းကို လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းဖြစ်ဖို့ တာဝန်ယူပေးဖို့ ဆွေးနွေးခဲ့တာရှိတယ်။ တကယ်လို့ ဖယ်ရီပြန်တဲ့လမ်းကြောင်းအထိ လုံခြုံရေး မယူပေးနိုင်ဘူးဆိုရင် OT ညနက်တဲ့အခါမျိုးမှာ စက်ရုံဝင်းထဲမှာပဲ အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ စီစဉ်ပေးဖို့ တောင်းဆိုတယ်” ဟု MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က မဇ္ဈိမသို့ ပြောသည်။
ရန်ကုန်မြို့တွင် စစ်မှုထမ်းဥပဒေဖြင့် အစုအပြုံလိုက် ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ညနက်ပိုင်း အလုပ်အပြန်လမ်းတွင် ပေါ်တာဆွဲခံရမှုများ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ပေါ်တာဆွဲခံရပါက စစ်မှုထမ်းသင်တန်းကျောင်းသို့ မပို့ဆောင်မီ ကြားကာလအတွင်း အလုပ်ရှင်များအနေဖြင့် နည်းလမ်းပေါင်းစုံသုံး၍ ချက်ချင်းပြန်လည်ထုတ်ယူပေးရန် MICS က တောင်းဆိုထားသည်။
အကယ်၍ အဆိုပါ လုံခြုံရေးအာမခံချက်များကို အလုပ်ရှင်များဘက်က ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ဥပဒေထက်ကျော်လွန်၍ ညလုံးပေါက် အလုပ်ဆင်းခိုင်းမှုများ နှင့် အတင်းအကျပ် OT ခိုင်းစေမှုများကို လုံးဝမပြုလုပ်ရန် သမဂ္ဂဘက်က သတိပေးထားသည်။
ဆွေးနွေးပွဲတွင် မြေပြင်၌ အလုပ်သမားများ ကြုံတွေ့နေရသည့် စစ်မှုထမ်းအန္တရာယ်၊ လုပ်ငန်းခွင်ဖိနှိပ်မှုများနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က မဇ္ဈိမကို ပြောသည်။
“Yellow Union (အတုအယောင်အလုပ်သမားသမဂ္ဂများ) တွေကို အသုံးပြုပြီး ILO နဲ့ နိုင်ငံတကာကို လှည့်စားဖို့၊ လူလည်ကျဖို့အတွက် လုပ်ဆောင်နေတဲ့ အခြေအနေတွေကိုလည်း MICS ကနေပြီးတော့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်” ဟု ကိုသက်နှင်းအောင်က ဆိုသည်။
စက်ရုံအလုပ်သမားများ၏ အခြေခံလစာ တိုးမြှင့်ရရှိရေး၊ အချိန်ပို (OT) အတင်းအကျပ် ခိုင်းစေမှုများကို ပူးပေါင်းဖြေရှင်းရေး၊ နှင့် မြန်မာနိုင်ငံအရေး ကြီးကြပ်ဆောင်ရွက်မှုများတွင် MICS အနေဖြင့် အတူတကွ ပူးပေါင်းစောင့်ကြည့်သွားမည့် လုပ်ငန်းစဉ်များကိုလည်း Eurocham Myanmar တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖိအားပေးရန်လည်း MICS ဘက်က အလေးအနက် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ယခုဆွေးနွေးပွဲတွင် တင်ပြခဲ့သည့် တောင်းဆိုချက်များနှင့် မြေပြင်အခက်အခဲများကို ဥရောပကုန်သည်ကြီးများအသင်း ဘက်က ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံတကာ ကုမ္ပဏီတံဆိပ်များထံသို့ ပြန်လည်ဖြန့်ဝေကာ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကိုသက်နှင်းအောင်ထံက သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး Eurocham Myanmar ထံသို့ မဇ္ဈိမက အီးမေးလ်မှတဆင့် ဆက်သွယ်ခဲ့သော်လည်း ယခုသတင်းဖော်ပြချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ဥရောပကုန်သည်ကြီးများအသင်း (Eurocham Myanmar) သည် မြန်မာနိုင်ငံတွင်းရှိ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် အထည်ချုပ်အမှတ်တံဆိပ်များကို ကိုယ်စားပြုသည့် အစိုးရမဟုတ်သော လွတ်လပ်သည့် အသင်းအဖွဲ့ဖြစ်သည်။
၎င်းအဖွဲ့သည် မြန်မာနိုင်ငံတွင်းက ၎င်းတို့၏ အဖွဲ့ဝင်စက်ရုံများနှင့် လုပ်ငန်းခွင်များတွင် အလုပ်သမားခေါင်းပုံဖြတ်မှု မရှိစေရေးနှင့် နိုင်ငံတကာစံနှုန်းနဲ့အညီ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းစဉ်များ လိုက်နာလာစေရန် တွန်းအားပေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုလည်း ဖြစ်သည်။
လတ်တလော ရန်ကုန်မြို့တွင် မေလ ၁ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်ကာလအတွင်း စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခံရသူ လူဦးရေ ၄၀ ခန့်ရှိလာကြောင်း ရန်ကုန်မြို့ကင်းထောက်ကွန်ရက်အဖွဲ့ (RSN) ထံက သိရသည်။
ဖမ်းဆီးခံရသူအများစုမှာ အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အမျိုးသားများဖြစ်ပြီး ဧည့်စာရင်းစစ်ဆေးခြင်း၊ နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီးခြင်းအပြင် ညဘက်အိမ်ပြန်လာသည့် ပန်းရံအလုပ်သမားများနှင့် လုပ်ငန်း ခွင်ပြန် ဆိုက်ကားဆရာများပါ ဖမ်းဆီးခံနေရသည်ဟု RSN တာဝန်ရှိသူတဦးက မေ ၁၈ ရက်တွင် မဇ္ဈိမကို ဖြေ ကြားထားသည်။







