လေကြောင်းအလွန်အကျွံသုံးတိုက်ခိုက်၍ တွန်းဇံမြို့မှ ဆုတ်ခွာပေးခဲ့ရ

လေကြောင်းအလွန်အကျွံသုံးတိုက်ခိုက်၍ တွန်းဇံမြို့မှ ဆုတ်ခွာပေးခဲ့ရ

ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံမြို့မှ မေလ ၁၉ ရက် ညနေပိုင်းတွင် ဆုတ်ခွာပေးခဲ့ရကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမသို့ ပြောသည်။

“သူတို့ကလေကြောင်းနဲ့ ဒရုန်းတော်တော်သုံးတယ်။ စစ်ကြောင်းလေးကြောင်းနဲ့ ခွဲပြီးဝိုင်းတဲ့ ပုံစံမျိုး ဝင်လာတယ်၊ လူနေအိမ်တွေလည်းပျက်စီးပြီးမခံနိုင်တဲ့အတွက် မနေ့က ညနေပိုင်းမှာ ကျနော် တို့ မြို့ကနေဆုတ်လိုက်တယ်” ဟုဆလိုင်းထက်နီ က မဇ္ဈိမ ကို မေလ ၂၀ ရက်တွင် ပြောသည်။

အဆိုပါ တွန်းဇံမြို့သိမ်းတိုက်ပွဲကို စစ်အုပ်စုတပ်နှင့် ZRA ပူးပေါင်းအင်အား ၃၀၀ ခန့်ဖြင့် မေလ ၁၁ ရက်နေ့ကတည်းက တီးတိန်နှင့် ကျီခါးမြို့ဘက်မှ ချီတက်ဝိုင်းရံခဲ့ခြင်းဖြစ်ပြီး၊ နှစ်ဖက်အပြန်အလှန် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြကာ မေလ ၁၄ ရက်နေ့တွင် မြေပြင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုဘက်က မြို့ကို ပြန်လည်ထိန်းချုပ်သွားခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အရေအတွက်ကို မသိရသေးဘဲ၊ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှမူ ရဲဘော်နှစ်ဦး ကျဆုံးကာ တဦး ဒဏ်ရာပြင်းထန်၍ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-တွန်းဇံ၊ R-CDF နှင့် Zo Army တပ်ဖွဲ့များက ပူးပေါင်းခုခံခဲ့ကြခြင်းဖြစ်သည်။

စစ်အုပ်စုဝါဒဖြန့် ချန်နယ်များတွင်မူ တွန်းဇံမြို့သိမ်းတိုက်ပွဲ၌ လက်နက်ခဲယမ်းများနှင့်အတူ ချင်းတပ်ဖွဲ့ဝင်နှစ်ဦးကို အရှင်ဖမ်းမိခဲ့သော်လည်း လုံခြုံရေးတပ်သားများကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး သေနတ်လုရန် ကြိုးပမ်းသဖြင့် အသေပစ်ခတ်လိုက်ရကြောင်း ရေးသားဖော်ပြထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် တွန်းဇံမြို့မတိုင်မီ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်အုပ်စုတပ်ထံ လက်လွှတ်ခဲ့ရသဖြင့် တလအတွင်း မြို့နှစ်မြို့ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ဖလမ်းမြို့ကို စစ်အုပ်စုတပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်မှစတင်ကာ အင်အား ၁,၀၀၀ ခန့်ဖြင့် ခြောက်လကျော်ကြာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖလမ်းမြို့ကို ထိန်းချုပ်ပြီးနောက် စစ်အုပ်စုတပ်က ဖလမ်း-ဟားခါး လမ်းပိုင်းသို့ စစ်ကြောင်းဆက်ထိုးနေသော်လည်း၊ ချင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် အထိနာနေပြီး ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီးတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေကြောင်း ဆလိုင်းထက်နီက ဆိုသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ် မေလတွင်လည်းကောင်း အသီးသီး သိမ်းပိုက်နိုင်ခဲ့သော်လည်း ယခုအခါ ပြန်လည်လက်လွှတ်ခဲ့ရသဖြင့် တီးတိန်မြို့ အပါအဝင် မြောက်ပိုင်းချင်းပြည်နယ်အချို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ခွင့် ရသွားခဲ့သည်။

လက်ရှိတွင် တွန်းဇံမြို့တွင်းမှ ဆုတ်ခွာခဲ့သည့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး၊ မြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

တဖက်တွင်လည်း စစ်အုပ်စုစီဝါဒဖြန့်ချိသူများက ၂၀၂၆ ခုနှစ်အကုန်တွင် ချင်းပြည်နယ်တခုလုံးကို သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်သို့ ဆက်လက်တိုက်ခိုက်မည်ဟု ကြွေးကြော်ထားကြပြီး၊ လက်ရှိတွင်လည်း ချင်းပြည်တောင်ပိုင်း လွတ်မြောက်နယ်မြေဖြစ်သော မင်းတပ်မြို့နှင့် ၁၀ မိုင်ကျော်အကွာ၊ ကန်ပက်လက်မြို့နှင့် ခြောက်မိုင်အကွာခန့်တွင် စစ်အုပ်စုတပ်များ ဖြန့်ကြက်နေရာယူထားကြောင်း သိရသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...