ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင် ယာယီစစ်ဘေးတိမ်းရှောင်နေသော ရှမ်းလူမျိုးများအားကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ အဖွဲ့က ဆန်အိတ်များ ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တာဝန်ခံတစ်ဦးထံမှ သိရပါတယ်။
မေ ( ၁၀ ) ရက်နေ့ ကမြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက် အံတော်ရှင်ဘုရားဝင်းအတွင်း နေထိုင်နေတဲ့ ဗန်းမော်၊ မံစီ၊ မိုးမောက် စတဲ့ဗန်းမော်ခရိုင်က စစ်ဘေးရှောင်ဒေသခံများကို သွားရောက်ထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ လာပေးတယ် လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်။ အိမ်ထောင်စုတစ်စုကို ငွေသားနဲ့ ဆန်နဲ့ ရတာပေါ့။ ဒီမှာက ဗန်းမော်ခရိုင်ကပဲဆိုတော့ ( ၁၄၇ ) အိမ်ထောင်ကိုဝေလိုက်တယ်။ ပြီးတော့ မှတ်ပုံတင်လည်းလုပ်ပေးမယ်ပြောတယ် ။ စာရင်းပဲကောက်ခိုင်းထားသေးတယ်။ ခုထိတော့ မရသေးဘူး” လို့ သူက ဆိုပါတယ်။
ဆန်အိတ်ပေါင်း ( ၁၀၀ ) ကျော်ကို ထောက်ပံ့ခဲ့ပြီး အိမ်ထောင်စု (၁၄၇) အိမ်ကို အိမ်ထောင်စုတစ်စုကို ငွေသား( ၃ ) သောင်းစီနဲ့ ဆန် (၁၅) ပြည်ခွဲဝေရရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)မရရှိသေးသူများနဲ့ UID ကတ် မပြုလုပ်ရသေးသူများကို ပြုလုပ်ပေးသွားမည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ နာမည်စာရင်းများ ပြုစုထားရန် ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ (KIA+PDF)ပူးပေါင်းတပ်က အဆိုပါ မြို့ရှိ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ နှစ်နှစ်နီးပါးကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။







