ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆ စစ်ဆင်ရေး’ မှာ တိုက်ပွဲစတင်ချိန်၌ပင် စစ်ဦးကျိုးကာ အထိနာခဲ့သည်။
မြေပြင်စစ်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ စစ်အုပ်စုတပ်သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် စစ်တွေအခြေစိုက်တပ်ရင်းများကို အခြေခံပြု၍ ‘၄၉၂၆ စစ်ဆင်ရေး’ ကို စတင်ခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုတပ်သည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထား သော နေရာ ၅ ခုခန့်ကို လေကြောင်းပစ်ကူ၊ စစ်ရေးယာဉ်များ အသုံးပြုကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ သည်။
ထိုအထဲမှ စစ်အုပ်စုတပ်သည် စစ်တွေမြို့မြောက်ပိုင်း ရွှေမင်းဂံမှတစ်ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း စပါးထားမှတစ်ကြောင်းနှင့် အမြင့်ကျွန်း မင်းချောင်းတံတားမှတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ ရွှေမင်းဂံဘက်တွင် အကျအဆုံး အလွန်များပြားခဲ့သည်။
ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ခုက “သူတို့ (စစ်တပ်) အကျအဆုံးများတာက ရွှေမင်းဂံဘက်မှာ တော်တော် အထိနာသွားတယ်။ အာရက္ခတပ်တော်က အသေအချာစောင့်ပြီး အနီးကပ် တစ်ယောက်ချင်းပစ်ချတာ။ စစ်တပ် က ပစတွေက မီးကျောင်းတွားတောင် မတတ်တက်ဘဲနဲ့ တက်လာတော့ ခေါင်းပေါ်တာနဲ့ ပစ်ချတာ ရာနဲ့ချီပြီး သေတယ်။ အလောင်းတွေကို ပြန်မကောက်နိုင်ဘဲ နောက်ဆုတ်သွားခဲ့ပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) က ကြိုတင်စောင့်ဆိုင်းကာ အနီးကပ် ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများသည် လယ်ကွင်းတာရိုးများ၊ ပုစွန် တာများနှင့် ချောင်းစပ်များအနီးတွင် ပြန့်ကျဲကျန်ရစ်ခဲ့ကာ စစ်အုပ်စုတပ်မှာ ရုပ်အလောင်းများကိုပင် ပြန်လည် မကောက်ယူနိုင်ဘဲ နောက်ဆုတ်သွားခဲ့ရသည်။
အထူးသဖြင့် စပါးထားကျေးရွာဘက်တွင် စစ်အုပ်စုတပ်က အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွား ခဲ့ရပြီး အလောင်း ၃၀ ခန့် ကျန်ရှိနေခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စပါးထားဘက်မှာတော့ ကိုယ့်ဘက်က အသာရပြီး စစ်သားတွေ အကျများပြီးတော့ တပ်ဆုတ်သွားပါတယ်။ တက်လာတဲ့ စစ်သားတွေ သေတာ မြင်မကောင်းဘူး။ စပါးထားဘက်မှာ အလောင်း ၃၀ ခန့်ကျန်နေခဲ့တယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် အမြင့်ကျွန်းဘက်တွင် ရေတပ်နှင့် လေတပ်ပစ်ကူများကို ရယူကာ မင်းချောင်းတံတား မှ တစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာဘက်သို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အကျအဆုံး များပြားသဖြင့် မင်းချောင်းတံတားဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်အုပ်စုတပ်သည် အသေခံဒရုန်းများ၊ လေကြောင်းလိုင်း များနှင့် စစ်ရေယာဉ်များမှ လက်နက်ကြီးများကို အသုံးပြု၍ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
စစ်တွေအခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးများနှင့် ဒရုန်းများကို အသုံးပြုကာ ကွမ်းတောင်ကျေးရွာ ပတ်ဝန်းကျင်သို့ ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်အထိ နှစ်ဖက်စလုံးမှ လက်နက်ကြီးများနှင့် ဒရုန်းများကို အသုံးပြု၍ အပြန်အလှန် ပစ်ခတ်တိုက် ခိုက်မှုများ ဆက်လက်ရှိနေပြီး စစ်အုပ်စုတပ်အနေဖြင့် ထပ်မံစစ်ကြောင်းထိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။







