ရှမ်းမြောက်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ယူခွင့်ပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မည်ကို ဒေသခံများစိုးရိမ်

ရှမ်းမြောက်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ယူခွင့်ပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မည်ကို ဒေသခံများစိုးရိမ်

ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိုမိုတင်းကျပ်လိုက်လိုက်သဖြင့် ကုန်ဈေးနှုန်းမြင့်တက်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်စည်အများစုသည် တရုတ်နိုင်ငံမှတဆင့် ဝယ်ယူတင်သွင်းကြသည်ဖြစ်ရာ ယခုကဲ့သို့ ပိုမိုတင်းကျပ်စွာ ပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်မည်ကို စိုးရိမ်နေသည်ဟု လားရှိုးမြို့ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

“အဓိက ချက်ချင်းလက်ငင်းကတော့ ကားသမားတွေ ဒုက္ခရောက်တာပေါ့နော်၊ ကုန်တင်မရတော့။ ပြီးတော့ ကုန်တင်မရတော့ ကုန်ဈေးနှုန်းတွေတက်လာမှာပေါ့။ လောလောဆယ်တော့ မတက်သေးဘူး” ဟု ပြောသည်။

အထူးသဖြင့် စစ်အုပ်စုက အုပ်ချုပ်ရေးဖော်ဆောင်နေသည့်နေရာများတွင် တရုတ်ကုန်ပစ္စည်းများ သယ်ယူဖြတ်သန်းခွင့်မပြုခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နေပြည်တော် စစ်တပ်က ပြန်လည်ဝင်ရောက်အုပ်ချုပ်နေသည့် လားရှိုးမြို့တွင် မူဆယ်ဘက်မှဝင်သည့် တရုတ်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးလျက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

ရှမ်းမြောက်ရှိ အခြားမြို့များတွင် လားရှိုးမြို့လောက် တင်းကျပ်ခြင်းမရှိဟု ကွတ်ခိုင်ဒေသခံတဦးက ဆိုသည်။

“သူတို့ ထိန်းချုပ်တဲ့ ဒေသနဲ့ မြို့တွေမှာ တရုတ်ပစ္စည်းတွေ ပိတ်ဖမ်းနေတာ။ မူဆယ်၊ လောက်ကိုင်ဘက်ကနေတော့ မရမက ထွက်လို့ရပေမယ့် လားရှိုးအောက်ကနေ စစ်တပ်က ဖမ်းနေတာ၊ သိန္နီ၊ ကွတ်ခိုင်ကတော့ အပြောင်းအလဲမရှိဘူး” ဟု ပြောသည်။

စစ်တပ် ရက် ၁၀၀ စီမံကိန်းကြောင့် ဖမ်းဆီးနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရပေ။

ထို့အတူ တရုတ်နယ်စပ်မြို့ နမ့်ခမ်းတွင်လည်း လက်ရှိအချိန်ထိ တရုတ်ကုန်ပစ္စည်းများ စီးဆင်းဆဲဖြစ်သည်ဟု ဒေသခံများ သိရသည်။

June 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပေးပို့ထားခြင်း...
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...