သံလွင်မြစ်ရှိခရုများတွင် အာဆင်းနစ်ဓာတ် အဆ ၂၀ အထိ တွေ့ရှိ

သံလွင်မြစ်ရှိခရုများတွင် အာဆင်းနစ်ဓာတ် အဆ ၂၀ အထိ တွေ့ရှိ
Photo: KIC
Photo: KIC

သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ် ချက်ထက်ကျော်လွန်ပြီး ၁၀ ဆမှ အဆ ၂၀ အထိပါဝင်နေ၍ ပြင်းထန်သော အဆိပ်သင့်မှု ဖြစ်ပေါ်နိုင်သောကြောင့် စားသုံးရန် မသင့်ကြောင်းကျွမ်းကျင်သူများက သတိပေးထားသည်။ 

ကျန်းမာရေးစနစ် သုတေသနအဖွဲ့ (HSRI)၏ လေ့လာမှုကို အခြေခံပြီး ထိုင်းနိုင်ငံ၏ လူထုအခြေပြု ကျန်းမာရေး ထိခိုက်မှု ဆန်းစစ်ချက်ကွန်ရက် (CHIA Platform) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Somporn Pengkham က ၎င်းတို့ ၏တွေ့ရှိချက်ကို ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ထုတ်ဖော်ပြောဆိုလာကြောင်း ထိုင်းသတင်းဌာနများက ရေးသား ဖော်ပြကြသည်။ 

ခရုနမူနာများကို ဆော့မွေ့ (Sob Moei) ခရိုင်ရှိ မယ်စမ်လပ် (Mae Sam Laep) အုပ်ချုပ်ရေးအဖွဲ့မှ ပေးပို့လာခဲ့ပြီး ချင်းမိုင်တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်သိပ္ပံ သုတေသနဌာနတွင် ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ယခုလို စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ဓာတ်ခွဲခန်းရလဒ်များအရ အာဆင်းနစ် နှင့် ခဲဓာတ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းများထက် ကျော် လွန်နေကြောင်း ပြသနေပြီး အဆိုပါ ဓါတ်သတ္တုများသည် အဆိပ်သင့်မှု ပြင်းထန်ခြင်းနှင့် ရေရှည်ကျန်းမာရေး ထိခိုက်နိုင်သည့် အန္တရာယ်အရှိဆုံး ညစ်ညမ်းပစ္စည်းများထဲတွင် ပါဝင်ကြောင်း Mr. Somporn က ဆိုသည်။

အဆိုပါ ကိစ္စရပ်ကို သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ဒေသန္တရအာဏာပိုင်များနှင့် လူထု စောင့်ကြည့်ရေးအဖွဲ့ များကို အကြောင်းကြားထားပြီး ဒေသခံများထံသို့ အန္တရာယ်ရှိနိုင်ခြေများကို ဆက်သွယ်အသိပေးရန် တောင်းဆိုထားသည်။ 

သံလွင်မြစ်ကမ်းနားရှိ ရွာသားများအနေဖြင့်လည်း မြစ်အတွင်းမှ ခရုများကို စားသုံးခြင်းမှ ယာယီရှောင်ကြဉ်ရန် အကြံပြုထားသည်။ အထူးသဖြင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကျောက်ကပ် ရောဂါ၊ ကင်ဆာရောဂါ အပါအဝင် ရောဂါအခံရှိသူများ အထူးသတိပြုရန် လိုအပ်သည်ဟု သတိပေးထားသည်။ 

ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့၏ ပြောခွင့်ရ စောဟဲစေးက “ လတ်တလောမှာ ကျနော်တို့ ပြန်ကြည့်တဲ့အခါ အစားအစာ ရရှိမှုက အခက်အခဲရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအခြေအနေမှာ တခြား နည်းနဲ့ အစား အစားရရှိဖို့ ခက်ခဲတဲ့အခါကျတော့ ရွေးချယ်စရာမရှိရင်တော့ ဒီမြစ်ထဲက ငါးတွေ၊ ရေနေသတ္တဝါတွေကိုတော့ စားမိမှာပဲ။ ဒါကတော့ ရေရှည်မှာ လူထုအတွက်ကိုတော့ စိုးရိမ်စရာဖြစ်လာမှာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။   

အဆိပ်အတောက် အပြင်းထန်ဆုံးဖြစ်သည့် (Inorganic arsenic)များကို စစ်ဆေးရန်အတွက် နောက်ထပ် နမူနာ များကို ဆက်လက်ကောက်ယူရန် စီစဉ်ထားပြီး သုတေသနပညာရှင်များအနေဖြင့် ဒေသခံ စောင့်ကြည့်ရေးအဖွဲ့ များနှင့် ပူးပေါင်းကာ သံလွင်ဒေသနှင့် ကိုက်ညီမည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုကိရိယာများကိုလည်း ရေးဆွဲ သွားမည်ဟု ဆိုထားသည်။ 

ယခုစစ်ဆေးမှုမှတစ်ဆင့် အန္တရာယ်ရှိနိုင်သူများကို ရှာဖွေဖော်ထုတ်ပြီး ဒေသခံကျန်းမာရေးဌာနများနှင့် ချိတ်ဆက်ကာ ဆီးအတွင်း အာဆင်းနစ် စစ်ဆေးခြင်း နှင့် သွေးအတွင်း ခဲဓာတ်စစ်ဆေးခြင်း စသည့် ဓာတ်ခွဲစမ်းသပ်မှုများ စစ်ဆေးပေးသွားမည်ဖြစ်သည်။ 

လက်ရှိ ခရုများတွင် တွေ့ရှိရသော အဆိပ်အတောက်အဆင့်သည် ဘေးကင်းလုံခြုံမှု ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေသဖြင့် သက်ဆိုင်ရာ အစိုးရအနေဖြင့် တရားဝင် လူထုသတိပေးချက်တစ်ရပ် ထုတ်ပြန် ရန် လိုအပ်ကြောင်းလည်း ထိုင်းကျွမ်းကျင်သူများက တောင်းဆိုထားသည်။ 

သို့သော် ဒေသခံအများစုသည် မြစ်အတွင်းမှ ခရုများကို ရာသီအလိုက် အဓိက စားနပ်ရိက္ခာအဖြစ် စားသုံးကြသလို ဝင်ငွေရရှိနိုင်သည့် ဒေသအရင်းအမြစ်တစ်ခုလည်း ဖြစ်သည်ဟု သိရသည်။

ယခုတွေ့ရှိချက်များသည် အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေသည့်အပြင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ မြစ်ကို အမှီပြုနေထိုင်ကြသည့် လူထုများအပေါ် နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုများ၏ ပိုမိုကျယ်ပြန့်သော ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ 

သံလွင်မြစ်အတွင်း ကျယ်ပြန့်လာသည့် ဓါတ်သတ္တု တူးဖော်မှုများ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ကြောင့် အခုလို အာဆင်းနစ်ဓါတ်များတိုးများလာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။  ထို့ကြောင့် မြစ်အတွင်း သတ္တုတူးဖော်မှုများကို ရပ်တန့်ရန် သံလွင်မြစ်ကမ်းနံဘေးဒေသခံများ နှင့် သဘာဝပတ်ဝန်းကျင်းအရေးဆောင်ရွက်သူများက ကန့်ကွတ်တောင်းဆို ထားကြသည်။

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...