မွန်မှာ အစိုးရသစ်ပြောင်းပေမယ့် လောင်းကစားဝိုင်းတွေဆက်ရှိနေ

မွန်မှာ အစိုးရသစ်ပြောင်းပေမယ့် လောင်းကစားဝိုင်းတွေဆက်ရှိနေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ် လုပ်ကိုင်ခွင့် ပေးအပ်ထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းကစားဝိုင်းတွေဟာ စစ်ကော်မရှင် ရွေးကောက်ပွဲ မဲပေးစဉ်ကာလနဲ့ အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲ ကာလတွေမှာသာ ယာယီရပ်နားထားပေမယ့် လက်ရှိ အစိုးရအဖွဲ့သစ် လက်ထက်မှာတော့ အရင်အတိုင်း လောင်းကစားဝိုင်းတွေကို ပြန်ခွင့်ပြုနေတာပါ။

လောင်းကစားဝိုင်းတွေကြောင့် ဆိုင်ကယ်ခိုးမှုတွေ၊ ခိုးဆိုးလုယက်မှုတွေအပြင် မိသားစု အဆင် မပြေမှုတွေ ဖြစ်လာတဲ့ အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် လက်ရှိ အစိုးရ အဖွဲ့သစ်ကတော့ လျစ်လျူရှုပြီး တရားဝင် သဖွယ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မွန်ဒေသခံ တစ်ဦးကတော့ အစိုးရ အဖွဲ့သစ် ပြောင်းသွားပေမယ့် လောင်းကစားဝိုင်းတွေဟာ အရင်ထက် ပိုများလာသလို လောင်းကစားဝိုင်းတွေမှာ ဌာနဆိုင်ရာတွေကအစ ပါဝင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက လောင်းကစားဝိုင်းတွေက ရှိနေတာပဲ။ကြက်ဝိုင်းလည်း ရှိတယ်။ပိုတောင် ပိုလာသေးတယ်။အခုက ဘယ်သူမှ ဂရုမစိုက်ဘူး။ကြက်ဝိုင်းမှာ ရဲပါရှိနေတယ်။ရဲပါ လောင်းကစား လုပ်တယ်။ဘယ်လိုပြောမလဲ လောင်းကစားဝိုင်းလည်း ရှိတယ်။ အခု စပ်ကူးမပ်ကူးမှာ ပိုတောင် ဆိုးနေတယ်။ဘယ်သူမှ ဂရုမစိုက်ဘူး။ လုပ်ချင်သလို လုပ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အစိုးရ အဖွဲ့သစ်ဟာ လူတွေသာ ပြောင်းလဲပြီး မူတွေ ပြောင်းလဲတာ မရှိတဲ့အတွက် အခုလို လောင်းကစားဝိုင်းတွေ ဆက်ရှိနေတာ ဖြစ်သလို ပြည်သူ့အတွက်ဆိုတဲ့ ကိုယ်စားလှယ်တွေကလည်း ထောက်ပြ ပြောဆိုတာ မရှိဘူးလို့ ဝေဖန်တာပါ။

ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေဟာ ဘုရားပွဲတော်တွေ၊ ရာသီအလိုက် ပွဲတော်တွေ၊ ဆွမ်းကြီးလောင်းပွဲတွေ၊ ကထိန်ပွဲတွေအပြင် အကြောင်း အမျိုးမျိုးပြပြီး ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲမှာ တရားဝင်သဖွယ် အကြီးအကြီး ခွင့်ပြုထားတာပါ။

လက်ရှိ ကျောင်းပိတ်ကာလဖြစ်တာကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကအစ လောင်းကစားဝိုင်း တွေကြောင့် အကျင့် စာရိတ္တပိုင်း ဆိုင်ရာ ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ် နေကြပေမယ့် အစိုးရ အဖွဲ့သစ် ကတော့ လျစ်လျူရှု ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က တရားဝင် သဖွယ် မရှိခဲ့ပေမယ့် စစ်တပ် အာဏာသိမ်း ပြီးနောက်ပိုင်း စစ်တပ်ခန့် ဝန်ကြီးချုပ် လက်ထက်တွေမှာတော့ လောင်းကစားဝိုင်းတွေကို တရားဝင် သဖွယ် အကြီးအကျယ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 10, 2026
လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆို၊...
June 9, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ တစ်ရက်တည်း မြေမြှုပ်မိုင်း...
June 8, 2026
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ကြပ်ကြီး နှစ်ဦး သေနတ်နဲ့...