ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ရခိုင်ကုန်သည်များနှင့် လူငယ်များကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းဆီးမှု များလာနေသဖြင့် ပြည်သူများ ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။
ရခိုင်ပြည်အတွင်းမှ ပြင်ပသို့ သွားလိုသည့် ကုန်သည်များနှင့် လူငယ်များကို ယခင်က သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာ ၄ စောင်ဖြင့် သွားလာခွင့်ပြုခဲ့သော်လည်း ယခုအခါ ခရီးသွားလာခွင့် ထောက်ခံစာပါသူများပါ ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ပြောကြသည်။
ဖမ်းဆီးခံရသူ ကျောက်တော်ဒေသခံ မိသားစုဝင်အမျိုးသမီးတစ်ဦးက “ မရှိမဲ့ ရှိမဲ့ ပိုက်ဆံရှာပြီး ကုန်ပစ္စည်း သွားဝယ်တာပါ။ အခုက ထောက်ခံစာလည်း သူတို့ဘက်က ပေးတယ်။ ထောက်ခံတဲ့ လူလည်း ရှိတယ်။ အုပ်ချုပ်ရေးဘက်က အထောက်အထားနဲ့ဆို သွားလို့ရတယ်ဆိုလို့ သွားပြီးမှ အဖမ်းခံရတာပါ။ ခုထိ ဘယ်နေရာ ဖမ်းခေါ်သွား တယ်ဆိုတာလည်း မသိရသေးဘူး ” ဟု DMG ကို ပြောသည်။
ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ်၊ (xxx ) ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းမှာ ယခု ဧပြီလ စတုတ္ထအပတ်တွင် အိန္ဒိယသို့ ကုန်ပစ္စည်းဝယ်ယူရန် သွားရာ၌ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ (ဖမ်းဆီးခံရသူ၏ အမည်နှင့် နေရပ်ကို ဖော်ပြထားခြင်း မရှိပါ။)
ထောက်ခံစာယူရာတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေရုံး၊ ရဲစခန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ ထောက်ခံစာ ၄ စောင်ယူရပြီး သွားခွင့်ပြုခဲ့သော်လည်း လမ်းခုလတ်တွင် ဖမ်းဆီးနေခြင်းဖြစ်သည်။
ရခိုင်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခြင်းကြောင့် ဒေသတွင်း လိုအပ်သည့် ကုန်စည်များအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်နိုင်ငံနှင့် မကွေး- ဆောမြို့နယ်ဘက်သို့ သွားကာ ကုန်သွယ်နေကြောင်း ပြောကြသည်။
ထိုသို့ ဖမ်းဆီးနေသဖြင့် အိန္ဒိယသို့ ကုန်ဝယ်ယူရန် သွားလာနေသည့် စက်လှေသမား၊ ကားသမားများနှင့် ကုန်သည်များလည်း မသွားရဲတော့ဘဲ ရှိနေကာ ရခိုင်ပြည်စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း သုံးသပ်နေ ကြသည်။
ယခုအခြေအနေအတိုင်း ဆက်လက်ရှိနေပါက ရခိုင်ပြည်အတွင်း ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုပါ ဖြစ်လာနိုင်ကြောင်း ကုန်သည်များက ထောက်ပြကြသည်။
“ အခုက အဖမ်းအဆီးကြောင့် စက်လှေသမားတွေလည်း မထွက်ကြတော့ဘူး။ အရင်က ကုန်သည် တစ်ယောက်ကို စက်လှေ လေးငါးစီးလောက် ပုံမှန် ငှားရတာ။ အခုက နည်းသွားတယ်။ ပြီးတော့ အိန္ဒိယဘက်က လိုင်းရပေမယ့် အောက်ဘက်ဆင်းရင် လိုင်းမရတော့ အခြေအနေမသိရတဲ့အတွက် ဒီကလူတွေလည်း မဆင်းရဲကြတော့ဘူး။ ဒီလိုနဲ့ ပြည်တွင်း ကုန်တွေနည်းပြီး ကုန်ဈေးနှုန်းထိုးတက်လာမယ့် အခြေအနေမှာရှိတယ် ” ဟု ရခိုင်ကုန်သည် တစ်ဦးက ပြောသည်။
လက်ရှိ ပလက်ဝမြို့နယ်နှင့် အိန္ဒိယနယ်စပ်ရှိ အာရက္ခတပ်တော်၏ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ ရှိနေသော်လည်း ကျန်းမာရေး မကောင်းသူနှင့် အသက်ကြီး၍ အကျုံးမဝင်သူ အချို့အား ပြန်လည် လွှတ်ပေးမှုများလည်း ရှိနေကြောင်း သိရသည်။
“ ကျမတို့ရွာက ၅ ယောက်ကို ပလက်ဝမြို့နယ်က စစ်ဆေးရေးဂိတ်မှာ ဖမ်းခံလိုက်ရတယ်။ အဲဒီအထဲက ကျန်းမာရေးမကောင်းလို့ အထောက်အထားနဲ့ ပြတဲ့ တစ်ယောက်က လွှတ်လာတယ်။ နောက်ထပ် အသက် ၃၇ နှစ်နဲ့ ၄၀ ကြားက လူ ၃ ယောက်လည်း လွတ်လာတယ်။ ကျမတို့ သိရတာက အသက် ၁၈ နှစ်နဲ့ ၃၅ ကြားဆိုရင် စစ်မှုထမ်းခေါ်သွားတယ်လို့ သိရပါတယ် ” ဟု နောက်ထပ် ကျောက်တော်ဒေသခံ တစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) အား ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်က ထုတ်ပြန်ထားပြီး ပြဌာန်းချက်အတွင်း အကျုံးဝင်သူ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း လူငယ်များအား ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာခွင့်ကို တားမြစ်ထားခြင်းဖြစ်သည်။
ယင်းပြဌာန်းချက်အတွင်း အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိနှင့် အမျိုးသားများမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ မည်သူမဆို ၂ နှစ်တာ စစ်မှုထမ်းရမည်ဟု ဆိုထားသည်။
ယင်းအပြင် ရခိုင်ပြည်ပထွက်ခွာလိုသူများထဲမှ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကုသမှု မပေးနိုင်သည့် လူနာများနှင့် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများမှ လွဲ၍ ပြဌာန်းချက်အတွင်း အကျုံးဝင်သူများအား အရေးပေါ်ကာလ ပြီးဆုံးသည်အထိ တားမြစ်ထားခြင်းဖြစ်သည်။
“ အရင်ကတည်းက အိန္ဒိယတက်ပြီး ကုန်ဝယ်ကြတယ်။ အခုလို ဖမ်းဆီးတာတွေက စစ်မှုထမ်းထုတ်ပြန်ပြီး နောက်မှဖြစ်လာတာ။ အခုလည်း သွားလို့ မရဘူးဆို အစကတည်းက ထောက်ခံစာ မပေးနဲ့ပေါ့။ အခု ဒီလိုမျိုး ဖမ်းလို့ပြည်သူက ပြောကြဝေဖန်ကြတာတွေကို AA ကလည်း ငါတို့ကို တိုက်ခိုက်တာမျိုး မတွေးဘဲ ပြည်သူဘက်ကတော့ ဒါကို ပြောတယ်။ ငါတိုဘက်ကတော့ ဘယ်လိုလုပ်သင့်တယ်ဆို တာမျိုးကို စဉ်းစား သင့်တယ်လို့ မြင်တယ် ” ဟု မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက ထောက်ပြသည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်လူငယ်များမှာ ဒေသတွင်း စားဝတ်နေရေး ကျပ်တည်းမှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းနည်းပါးမှုတို့ကြောင့် ပြည်မနှင့် ပြည်ပဘက်သို့ ရရာနည်းလမ်းဖြင့် ထွက်ခွာနေ ကြသူများလည်း ရှိနေသည်။
ယင်းကဲ့သို့ ရခိုင်ပြည် ပြင်ပထွက်ခွာရာတွင် အာရက္ခတပ်တော်ထံ ဖမ်းဆီးခံရသူများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်မနှင့် ရခိုင်အစပ်ရှိ အာဏာသိမ်းစစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းခံရသည့် လူငယ်များလည်း ရှိနေသည်။
အာရက္ခတပ်တော်သည် လက်ရှိတွင် ရခိုင်ပြည် ၁၄ မြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို သိမ်းပိုက် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။
အခြားတစ်ဖက်တွင်လည်း စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသတွင်လည်း ARSA စသည့် မွတ်ဆလင်အကြမ်းဖက်လက်နက်ကိုင် အုပ်စု၏ နယ်စပ်ခြိမ်းခြောက်မှုရန်ကို ကြုံနေရသဖြင့် ရခိုင်လူငယ်များ မိမိပြည်ကို ကာကွယ်ရန် စစ်မှုထမ်းသင့်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။







