AA ထိန်းချုပ်ဒေသများသို့ ယမကာ တင်သွင်းမှု ၅၀ ရာခိုင်နှုန်း အခွန်ကောက်

AA ထိန်းချုပ်ဒေသများသို့ ယမကာ တင်သွင်းမှု ၅၀ ရာခိုင်နှုန်း အခွန်ကောက်
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM

သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ယမကာများကို အာရက္ခတပ်တော်က ၅၀ ရာခိုင်နှုန်း အခွန်ကောက်နေကြောင်း ကုန်သည်များထံက သိရသည်။

စစ်ကောင်စီထုတ် အရက်၊ ဘီယာများမှလွဲပြီး ပြည်ပထုတ် အရက်ယမကာများကို ရခိုင်သို့ တင်သွင်းခွင့်အား ဧပြီ ၂ ရက်မှ ဧပြီ ၁၀ ရက်အထိနှင့် ပြည်သူများ သောက်သုံးရောင်းချမှုကို ဧပြီ ၂ ရက်မှ စ၍ မေလ ၃၀ ရက် အထိ အာရက္ခပြည်သူ့အစိုးရက တရားဝင်ခွင့်ပြုထားခြင်းဖြစ်သည်။

မြောက်ဦးဒေသခံ ကုန်သည်တစ်ဦးက “ နိုင်ငံခြားထုတ် အရက်တွေကို ယာယီသောက်ခွင့်ပြုလိုက်တာ၊ တင်သွင်းခွင့်ပြုလိုက်တာတွေက သောက်ချင်တဲ့သူတွေအတွက် ကောင်းပါတယ်။ ဒါပေ့မဲ့ ရခိုင်သို့ တင်သွင်းတဲ့ အရက်တွေကို ၅၀ ရာခိုင်နှုန်းထိ အခွန်ပေးဆောင်နေရတယ်။ ကျနော်တို့မှာ ငွေကျပ်သိန်း ၁၀၀ ဖို့ ဝယ်လို့ လာရင် သူတို့ (AA)ကို တစ်ဝက်ကျ အခွန်ဆောင်နေရတယ်။ အခွန်ခ တော်တော်လည်း ဈေးကြီးနေတယ် ” ဟု ပြောသည်။

ပြည်ပထုတ် အရက်၊ ဘီယာများကို သင်္ကြန်ကာလအတွင်း တင်သွင်းခွင့်၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် လက်ဝယ်ထား ရှိမှုများကို ခွင့်ပြုလိုက်ခြင်းသည် ကောင်းမွန်သည့် အရာဖြစ်သော်လည်း တစ်ခြားတစ်ဖက်တွင်လည်း အခွန် ဈေးမြင့်နေကြောင်း သိရသည်။

လက်ရှိ ရခိုင်တွင် ဒေသခံအများဆုံး သောက်နေကြသည်မှာ ဒေသထွက် တောအရက်ဖြစ်ပြီး နိုင်ငံခြားထုတ် အရက်များကို သင်္ကြန်ကာလအတွင်း သောက်သုံးခွင့်ရမည်ဖြစ်သည်။

မောင်တော ဒေသခံတစ်ဦးက “ ရခိုင်မှာ အခု တောရက်တစ်ခုတည်း ရှိတာကို တခြားရွေးရွယ်စရာမှ မရှိတာ။ ဒါပေမဲ့ သင်္ကြန်နဲ့ AA က နိုင်ငံခြားထုတ် အရက်တွေကို ယာယီခွင့်ပြုသောက်ခွင့်၊ ရောင်းချတာတွေကို ခွင့်ပြုလိုက်တယ်။ သောက်ချင်နေကြတဲ့ သူတွေအတွက်ဆို အရမ်းကောင်းတာပေါ့။ ဒါပေမဲ့ ဒီအရက်တွေက တော်တော်လည်းကို ဈေးကြီးနေတယ် ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်ဈေးကွက်တွင် ABC ဘီယာအတို တစ်ဗူးကို ငွေကျပ် ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။ အလားတူ အခြား အရက်များမှာလည်း ငွေကျပ် ၅၀,၀၀၀ ကနေ တစ်သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိနေသည်။

လက်ရှိ အရက်တင်သွင်းခွင့်မှာ ယာယီသာဖြစ်ပြီး သတ်မှတ်ကာလပြီးဆုံးပါက ဆက်လက်လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာခရိုင်မှ တဆင့် အရက်ထိန်းသိမ်းရေး ဘုတ်အဖွဲ့( Alcohol Control Board)ထံသို့ လျှောက်ထားနိုင်ပြီး လိုင်စင်(သို့) ခွင့်ပြုမိန့်ရမှ ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။

ထုတ်ပြန်ချက်တွင် ပါရှိသည့် စည်းကမ်းများကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ပြီး နာမည်ပျက်စာရင်း( Black List)တွင် ထည့်သွင်းခံရမည်ဖြစ်ကာ နောက်ကာလများတွင် လိုင်စင်လျှောက်ရန် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စ၍ ပြည်မနှင့် နိုင်ငံခြားထုတ် ယမကာများကို အာရက္ခပြည်သူ့အစိုးရမှ ပိတ်ပင်ထားခြင်းဖြစ်ပြီး ယင်းနောက်တွင် ဒေသထုတ် ဂျင်းစိမ်းဝိုင်၊ တောအရက်နှင့် သစ်သီးရောစပ်ထားသည့် ကော်တေးများ ရောင်းချသုံးစွဲမှုများမှာ တွင်ကျယ်လာနေသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...