မကွေးလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံးကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံးကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ထံက သိရသည်။

မကွေးလေတပ်စခန်းကို မဟာမိတ်များဖြင့်ပူးပေါင်း၍ မတ်လ ၂၅ ရက် ည ၁၁နာရီ ၂၀မိနစ်အချိန်တွင် ရှော့ဒုံးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဆီကန် ၊ ဗုံးဂိုဒေါင် ၊ လေယာဥ်ဂိုဒေါင်နဲ့ လေတပ်ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ၊ လေတပ်ထဲမှာ ပေါက်ကွဲမှုတွေကြားရတယ်ပြောတယ်၊ ညကတော့ လူနာတင်ယာဥ်( Ambulance) အဝင်အထွက်များခဲ့တယ်ဆိုတော့ ပစ်မှတ်အကုန်မဟုတ်ရင်တောင် ပစ်မှတ်အချို့ထိမှာပါ” ဟု BWM တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

တိုက်ခိုက်သည့် အရှိန်ကြောင့် သိုလှောင်ထားသည့် ဗုံးများမှာ တိုက်ရိုက်ပေါက်ကွဲခြင်းမရှိခဲ့သည့်တိုင် အတွင်းပိုင်းစနစ်များ ထိခိုက်ယိုယွင်းကာ တည်ငြိမ်မှု (Stability) ကင်းမဲ့သွားနိုင်ပြီး ထို ဗုံးများ လေယာဥ်တွင် ပြန်လည်တပ်ဆင်စဥ်အတွင်းမှာပင် အချိန်မရွေးပေါက်ကွဲနိုင်ကာ ဒုတိယ အကြိမ် ထပ်ဆင့်ပေါက်ကွဲမှုများ (Secondary Explosions) လည်း ဖြစ်ပွားနိုင်သဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအတွက် ဘေးကင်းလုံခြုံမှုမရှိတော့ဟု ၎င်းကဆိုသည်။

တော်လှန်ရေး၏ သည်းခြေဖြစ်သော အညာဒေသကို အလွန်အကျွံလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တုန့်ပြန်ရန် ကြိုးစားခြင်းဖြစ်ပြီး စစ်ကော်မရှင်က အညာကို အားစိုက်နေသကဲ့သို့ တော်လှန်ရေးအဖွဲ့များကလည်း အားစိုက်ကူညီရန်လိုအပ်သည်ဟု BWM တာဝန်ရှိသူက ဆက်ပြောသည်။

ယခုတိုက်ခိုက်ခဲ့သည့် မကွေးလေတပ်စခန်းသည် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁) ထုတ်လုပ် သည့် လေယာဥ်ဗုံးသီးများကို သိုလှောင်ကာ စစ်စခန်းအသီးသီးသို့ ဖြန့်ဖြူးပေးနေသည့် စစ်ကော်မရှင်၏ အဓိကကျသောလေတပ်စခန်းဖြစ်သောကြောင့် မဟာမိတ်များဖြင့်ပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု BWM ၏ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်က ဆိုသည်။

ကမ္ဘာနှင့် မြန်မာတွင် ဆီအခက်အခဲဖြစ်နေချိန်တွင်ပင် အပြစ်မဲ့ပြည်သူနှင့် တော်လှန်ရေးအင်အားစု များကို အပြင်းအထန်တိုက်ခိုက်နေသော လေယာဥ်များရပ်နားရာ လေတပ်စခန်းကိုတိုက်ခိုက်ခြင်း ဖြင့် ပြည်သူ့ကိုယ်စားတန်ပြန်ခြင်းနှင့် အညာဒေသတော်လှန်ရေးအတွက် အားဖြည့်ရာရောက်သည့် အတွက် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကမ္ဘာ့ဆီအခက်အခဲကြောင့် စစ်ကော်မရှင်လေတပ် အကျပ်ရိုက်နေချိန်တွင် အခွင့်ကောင်းယူ၍ ပိုမိုအင်အားနည်းလာစေရန်နှင့် တော်လှန်ရေးအရွေ့ကြီးကြီးဖြစ်စေရန် ဆက်လက်ကြိုးစားသွားမည်ဟု BWM ကဆိုသည်။

ယခု တိုက်ခိုက်မှုသည် BWM ၏ စစ်ဆင်ရေး ၅၃ ခုမြောက်ဖြစ်ပြီး No More Dictatorship (NMD- PDF) ၊ Infinity (အညာ) အဖွဲ့ ၊ Justice Brothers Force ၊ ဒေါင်းစစ်အောင်အဖွဲ့ မြိုင် ပကဖ အဖွဲ့တို့နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး မကွေးလေတပ်ကို ပထမဆုံးအကြိမ် ခက်ခဲစွာတိုက်ခိုက်ရသဖြင့် ဝိုင်း ဝန်းကူညီခဲ့သည့် နယ်မြေခံအဖွဲ့များကို အထူးကျေးဇူးတင်ကြောင်း BWM အဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပဲခူးတိုင်း ၊ တောင်ငူမြို့အခြေစိုက် စစ်ကော်မရှင်တပ်၏ တောင်ပိုင်းတိုင်း စစ်လက်နက်ပစ္စည်းတပ်ခွဲ အမှတ်(၈၄၈) ကို မဟာမိတ်များဖြင့်ပူးပေါင်း၍ မတ်လ ၁၅ရက် နံနက် ၂ နာရီ ၄၄မိနစ်အချိန်က ၁၀၇ မမ ရှော့တိုက်ဒုံး ကိုးလုံးဖြင့် Brave Warriors for Myanmar တိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။

Brave Warriors for Myanmar အဖွဲ့သည် စစ်ကော်မရှင်၏ လေတပ်များ ၊ စစ်တိုင်းဌာနချုပ်များ စသည့် စစ်ရေးပစ်မှတ်ကြီးများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များဖြင့်ပူးပေါင်း၍ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်နေသောအဖွဲ့စည်းဖြစ်သည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...