နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊ သီးသန့်ခြံဝင်းတွေနဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုရဲ့ခြံဝင်းထဲမှာ အမျိုးသမီးတစ်စု လှုပ်လှုပ်ရှားရှားရှိနေပါတယ်။
ဒီရပ်ကွက် ခြံဝန်းလေးကတော့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ပြင်တစ်နေရာမှာ ဖြစ်ပါတယ်။ အသက် ၂၀ ဝန်းကျင်ကနေ ၄၀ ဝန်းကျင်ကြားရှိ၊ အမျိုးသမီး(၁၂)ယောက်အစုဟာ တစ်ထပ်အဆောက် အအုံငယ်အရှေ့မျက်နှာစာမှာ ဂျပ်ခုပ်ရက်ကန်း စင်ကိုယ်စီနဲ့ အလုပ်များနေတာပါ။
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝင်လာတဲ့ တပ်နဲ့ရဲ၊ မိသားစုဝင်တွေကို တဖက်တလမ်းက ကူညီထောက်ပံ့နေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ကရင်ရိုးရာအထည် ဂျပ်ခုပ်ရက်လုပ်နည်း သင်တန်းဖွင့်ထားတာ လပိုင်းပဲရှိပါသေးတယ်။
ဒီထဲမှာ အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ယောက်ကတော့ သင်တန်းသူတစ်ယောက်စီရဲ့ ရက်ကန်းစင်ဘေးမှာယှဉ်ထိုင်ပြီး ပိုကောင်းအောင်လုပ်ရမယ့်နည်းလမ်းကို အလှည့်ကျ ပြောပြ ပေးနေပါတယ်။ နည်းပြဆရာမတွေဖြစ်တဲ့ အဲဒီအမျိုးသမီးနှစ်ယောက်ထဲက အသားရောင် ခပ်လတ်လတ် ဟူဒီအင်္ကျီ လိမ္မော်ရောင်ဝတ်ဆင်ထားသူ အမျိုးသမီးနာမည်ကတော့ ‘မဒီချို’ ပါ။
သူမဟာ အာဏာမသိမ်းခင်က (၁၆) နှစ်လုံးလုံး ကလေးတွေကို စာသင်ခန်းထဲမှာစာပြပေးရင်း အသက်မွေးဝမ်းကျောင်းတဲ့သူ ဖြစ်ပါတယ်။
ပြည်သူ့ပန်းတိုင်ရဲ့ဂျပ်ခုပ်သင်တန်းသူတွေကိုယ်တိုင် (သို့မဟုတ်) သူတို့ရဲ့မိသားစုဝင်တစ်ဦးဦးက ၂၀၂၁ ခုနှစ် အစောပိုင်းအထိ စစ်တပ်ထဲက၊ ရဲတပ်ဖွဲ့ထဲက၊ အစိုးရဝန်ထမ်းနယ်ပယ်ထဲက ဘဝကိုဖြတ် သန်းလာတဲ့သူတွေချည်းပါပဲ။
သင်တန်းသူတွေနည်းတူ တော်လှန်ရေးနောက်ခံနဲ့လာသူ လက်ထောက်သင်တန်းဆရာမ မဒီချို ကိုယ်တိုင်လည်း ကျောင်းဆရာမ CDM ဖြစ်ပါတယ်။ သူ့အမျိုးသားဖြစ်သူကလည်း စစ်တပ် CDM ဖြစ်ပြီး အာဏာရှင်လက်အောက်ကစွန့်၊ ဘဝအသစ်ကိုနှစ်ယောက်အတူလျှောက်မယ်ဆိုတဲ့နေရာမှာ အမျိုးသားရဲ့ပံ့ပိုးမှုတွေက အဓိကကျတယ်လို့ ဆိုပါတယ်။
“CDM လုပ်မယ်လို့ပြောတဲ့အချိန်မှာ အားပေးခဲ့တဲ့သူကတော့ နံပါတ်(၁)က အမျိုးသားပဲ။ ဒီလိုရွေး ချယ်တဲ့အချိန်မှာလည်း သူပဲနောက်ကနေပံ့ပိုးပေးခဲ့တာ။” လို့ မဒီချို က ပြောပါတယ်။
အများကြုံနေရသလို အာဏာသိမ်းပြီးလပိုင်းအတွင်းအခြေအနေက CDM တွေ၊ နိုင်ငံရေးလှုပ်ရှား တက်ကြွသူတွေ၊ သတင်းမီဒီယာသမားတွေကို စစ်အုပ်စုက ဖမ်းဆီးဖိနှိပ်မှုတွေ စလုပ်နေပါပြီ။ ဒါကြောင့် ပြည်တွင်းကလူအများစုဟာ တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်တဲ့နယ်မြေတွေ၊ နယ်စပ်ဒေသတွေကိုသာ အရဲစွန့် ထွက်ပြေးကြရပါတယ်။
မဒီချိုကတော့ “ကျမတို့တုန်းက တစ်လမ်းလုံး မက်စ်တပ်ပြီးတော့ ဘုရားစာရွတ်ရတာ လေးကေ ကော်ရောက်တဲ့အထိပဲ” လို့ သူကြုံတွေ့ခဲ့ရအခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
ဒီလိုမှလွတ်လမ်းမရှာရင်လည်း စစ်အုပ်စုက နိုင်ငံရေးပုဒ်မတွေတပ်၊ အမှုလျော့အောင် ငွေတောင်းခြိမ်းခြောက်၊ ခံဝန်နဲ့အလုပ်ပြန်ဝင်တော့ မလူးသာမလှုပ်သာအခြေအနေအောက်မှာ စောင့်ကြည့်ခံရတော့မှာပါ။
ကံကောင်းရင် အသက်ရှုကြပ်ပြီး ကံမကောင်းရင် အသက်ရှုရပ်ရမယ့်အခြေအနေလို့ CDM အသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။
ဒါပေမယ့် စစ်အုပ်စုရဲ့ဖိနှိပ်၊ ခြောက်လန့်မှုတွေက သူမတို့ သွားရာ နောက်ကို တောက်လျှောက် လိုက်နေမယ်လို့ ပြည်တွင်းမှာရှိတဲ့အချိန် မဒီချိုတို့လည်း မထင်ခဲ့ပါဘူး။
လေးကေကော်မှာခိုလှုံရင်း တိုက်ပွဲတွေဖြစ်လို့ တောထဲကစစ်ရှောင်စခန်းတစ်ခုပြီးတစ်ခု ကူးရတယ်။ တောထဲမှာလေယာဉ်ရန်ထိတော့မှ တိုင်းရင်းသားတွေရဲ့ဘဝကို ကိုယ်ချင်းစာတတ်သွားတယ်လို့ သူမက ပြောပါတယ်။
“စစ်ရှောင်ရတဲ့အတွေ့အကြုံက တိုင်းရင်းသားတွေကို တကယ်ကိုယ်ချင်းစာတယ်။ အရင်က လေယာဉ် လာရင်လက်ပြဖို့လောက်ပဲ သိတာ။ တိုင်းရင်းသားတွေမှာ အစောကြီးကတည်းကလေယာဉ်လာရင် ပုန်းနေရပြီ” လို့ မဒီချို က ပြောပါတယ်။
သူမဟာ အဲဒီအချိန်ကနေစပြီး အထောက်အထားမဲ့၊ နိုင်ငံမဲ့ဘဝနဲ့ နယ်စပ်ကိုဖြတ်ကျော်လို့ အခု မဲဆောက်တစ်နေရာမှာအခြေကျတဲ့အချိန်အထိ သူမရဲ့ဝါသနာပါရာ လက်မှုပညာရပ်တွေကို သင်ယူဖြစ်ခဲ့တာပါ။ အဲဒီထဲမှာ ဂျပ်ခုပ်အတတ်ပညာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ကျောင်းဆရာမအဖြစ်လုပ်ခဲ့စဉ်က ဝါသနာကို ရှေ့တန်းတင်ဖို့အချိန်မရခဲ့ပေမယ့် ပြည်တွင်းက စွန့်ခွာ လာပြီးတဲ့နောက်မှာ သူမအတွက်အခွင့်အရေးရခဲ့ပါတယ်။ တတ်ကျွမ်းပြီးသား ကျောင်းဆရာမအလုပ်ကို ဆက်လုပ်ဖို့အခွင့်အလမ်းရှိခဲ့တာတောင် လက်မှုပညာရပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ဘဝကို ပိုနှစ်ခြိုက်ခဲ့ပြီလို့ မဒီချိုက ဆိုပါတယ်။
သူမက စက်ချုပ်၊ ချည်ထိုးပန်းထိုး စတဲ့ အိမ်တွင်းမူ အချုပ်အလုပ်တွေလည်း တတ်မြောက်ပါ သေးတယ်။ ဒါကြောင့် ဘဝတူအမျိုးသမီးတွေကို မိမိတတ်တဲ့ပညာ ပြန်ပို့ချရင်းရတဲ့စရိတ်၊ ကိုယ်တိုင် ချုပ်လုပ် ရောင်းချလို့ရတဲ့စရိတ်နဲ့ လက်ရှိရပ်တည်နေတယ်လို့ သိရပါတယ်။
မဒီချိုက “လက်မှုတစ်ခုလုပ်နေပြီဆိုရင် စိတ်ကိုအေးချမ်းနေတာပဲ၊ Customer ( ဝယ်သူ) လက်ထဲ ကိုယ့်လက်ရာ ရောက်သွားဖို့အရေး လုပ်နေတော့စိတ်မပျံ့ဘူး၊ ဒီလက်မှုလုပ်တာ တရားထိုင် နေရသလိုပဲ” လို့ အလုပ်အပေါ် သူမရဲ့သဘောထားကို ပြောပြပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ နယ်စပ်လမ်းကြောင်းကနေ နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင် အလုပ် လုပ်ကိုင်သူတွေကို လမ်းပေါ်ကနေအိမ်ပေါ်အထိ မကြာခဏ လိုက်လံဖမ်းဆီးမှုတွေ လုပ်လေ့ရှိတဲ့မြို့ပါ။
ဒီအဖြစ်အပျက်တွေက အာဏာသိမ်းပြီးနောက် နယ်စပ်လမ်းကြောင်းကလာတဲ့ ရွှေ့ပြောင်း မြန်မာတွေများလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတာဖြစ်ပြီး အဖမ်းခံရပြီဆိုတာနဲ့ ရဲစခန်းမှာဂိတ်ဆုံးသွားတာမျိုး မဟုတ်ပါဘူး။
မရှိရှိတဲ့ကြားထဲက အခြေခံလူတန်းစားတစ်ယောက်မတတ်နိုင်တဲ့ ပမာဏ ဒဏ်ငွေ ဘတ်သောင်း နဲ့ချီပေးပြီးမှ ပြန်လွတ်တာမျိုးကနေ ငွေမပေးနိုင်ရင် ရက်မှလအထိ ဖမ်းဆီးထားပြီး မြန်မာစစ်အုပ်စု ဆီကို လွှဲအပ်ခံလိုက်ရတဲ့ အဆိုးဆုံးအခြေအနေအထိကို ရောက်ရှိသွားနိုင်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မဒီချိုတို့လို CDM လုပ်ပြီး လာရောက်ခိုလှုံနေကြသူတွေဟာ အန္တရာယ်ကို သတိထားစိုးရိမ်နေရတဲ့ကြားကပဲ မိမိတို့ဝမ်းရေးနဲ့ ရပ်တည်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ အားခဲရုန်းကန်လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။
“ဒီ Handmade တွေက တရားဝင်ခွင့်ပြုထားတာမဟုတ်တော့ ခိုးကြောင်ခိုးဝှက်လုပ်နေရတာ” လို့ အလုပ်လုပ်ဖို့ မလွယ်ကူတဲ့အခြေအနေကို မဒီချို က ပြောပါတယ်။
သူမကိုယ်တိုင်ကတော့ ယခင်က အထောက်အထားမဲ့အခြေအနေ၊ ထောက်ပံ့သူနည်း ပါးတဲ့ အခြေ အနေမှာ စားဝတ်နေရေးခက်ခဲ၊ စိတ်ဓာတ်ကျတာတွေကို မိတ်ဆွေကောင်းတွေအကူအညီနဲ့ ကျော်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုတော့ ဆရာမ မဒီချိုဟာ သူမတတ်ထားတဲ့ပညာနဲ့ အပတ်တကုပ်အားထုတ်ပြီး အသက်မွေး ဝမ်းကျောင်းတစ်ခုပေါ် ရပ်တည်နေပါပြီ။ မွေးရပ်မြေကိုပြန်လို့ရရင်တောင် ကျောင်းဆရာမ အလုပ်နဲ့ မဟုတ်ဘဲ လက်မှုပညာနဲ့ဆက်စပ်တဲ့ အလုပ်တွေမှာရပ်တည်သွားမယ်လို့ စိတ်ဓာတ်ခိုင်မာနေပါတယ်။
“လူတိုင်းမှာ ကိုယ်ပိုင်စွမ်းရည်ရှိတယ် ထုတ်သုံးကြပါ အဆင်မပြေမှုကတော့ရှိမှာပဲ ဒါခဏတာပါပဲ ကြိုးစားပြီးရပ်တည်ကြပါ။” လို့ မဒီချိုက သူမနဲ့ဘဝတူမိတ်ဆွေတွေကို အားပေးစကား ဆိုပါတယ်။







