ကရင်၊ ပညာရေးဝန်ထမ်း CDM တချို့ Blacklist ပယ်ဖျက်သော်လည်း ပြည်ပထွက်ခွာခွင့် မရ

ကရင်၊ ပညာရေးဝန်ထမ်း CDM တချို့ Blacklist ပယ်ဖျက်သော်လည်း ပြည်ပထွက်ခွာခွင့် မရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ခဲ့သဖြင့် အမည်ပျက်စာရင်း(Blacklist) သွင်းခံရသူ ကရင်ပြည်နယ် ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ဝန်ထမ်းတချို့ကို စာရင်းမှဖယ်ရှားလိုက်သော်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ ခွင့်ပြုချက်မရှိဘဲ လွတ်လပ်စွာ ပြည်ပထွက်ခွာခွင့်မပြုထားကြောင်း ပြည်နယ်စစ်အုပ်စု အကြောင်းကြားစာအရ သိရသည်။

CDM ပြုလုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်ခြင်းမရှိသော်လည်း Blacklist ပယ်ဖျက်စာရင်းတင်လာသူ (၂၅) ဦးကို စာရင်းမှပယ်ဖျက်ပြီး ပြည်ပထွက်ခွာခွင့် ကန့်သတ်သည်ဟု မတ်လ (၁၈) ရက်နေ့စွဲဖြင့် ပြည်နယ်စစ်အုပ်စု၏ အကြောင်းကြားစာ တစ်စောင် လူမှုကွန်ရက်မီဒီယာပေါ်တွင် ထွက်ပေါ်နေခြင်းဖြစ်သည်။

စာရင်းပယ်ဖျက်ပြီးသူများအနေဖြင့် နိုင်ငံအတွင်း လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ရမည်ဖြစ်ပြီး ပြည်ပထွက်ခွာခွင့်အတွက်မူ သက်ဆိုင်ရာပညာရေးဌာနမှတစ်ဆင့် အမျိုးသားလုံခြုံရေးအဖွဲ့အထိ တင်ပြရမည်ဖြစ်ကြောင်း ထိုစာက ဖော်ပြသည်။

“ပတ်စ်ပို့ကိစ္စလုပ်ဖို့ပဲ Black List ဖြည်ကြတာလေ။ မရရင် ဘယ်သူမှ အားအားပြီး သွားဖြည်ကြမှာ မဟုတ်ဘူး။ စာရွက်ပေါ်မှာတော့ နာမည်ပျက်စာရင်းက ပယ်ဖျက်ပေးတယ်ပြောပြီး ပတ်စ်ပို့ရုံးကို သွားတော့ လုပ်လို့မရဘူးတဲ့။ အသနားခံစာ ထပ်တင်ရမယ်၊ ခိုင်လုံတဲ့ အထောက်အထားပြနိုင်မှ ရမယ်လို့ ပြောတယ်။” ဟု အမည်မဖော်လိုသူ ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

တဖက်တွင်လည်း စစ်အုပ်စု၏ ဌာနဆိုင်ရာက CDM ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန်၊ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ရေး လျှောက်ထားနိုင်ရန် ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာမှ မကြာခဏကမ်းလှမ်းလေ့ရှိသည်။ လက်တွေ့တွင် ခရီးသွားလာခွင့်အပါအဝင် အခြားသော နိုင်ငံသားအခွင့်အရေးများ ကန့်သတ်ပိတ်ပင်နေဆဲဖြစ်ပြီး လှည့်ကွက်အမျိုးမျိုးဖြင့် အသုံးချခြင်းသာဖြစ်သည်ဟု CDM ဝန်ထမ်းအသိုင်းအဝိုင်းကဆိုသည်။

ပညာရေးဝန်ထမ်း CDM အမျိုးသားက "တကယ်တမ်း ပြန်ဝင်တဲ့သူက တစ်ပြည်နယ်လုံးမှ ၁၀ ယောက်လောက်ပဲ ရှိရင်တောင် အဲဒီလူတွေကို ကြားညှပ်ပြီး လူပေါင်း ရာနဲ့ချီ ပြန်ဝင်လာသလို အထက်ကို တင်ပြတာမျိုးတွေ လုပ်တတ်တယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ဝါဒဖြန့်ဖို့ သူတို့လူအချင်းချင်း ဟန်ပြလုပ်တာပဲ" ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ CDM များအပါအဝင် အစိုးရဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ ပတ်စ်ပို့လျှောက်ထားခြင်းကို စစ်အုပ်စုက ယခင်ထက် ပိုမိုတင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်။ ယင်းကြောင့် ပတ်စ်ပို့လျှောက်ထားရန် ကြားခံကိုယ်စားလှယ်(ပွဲစား)များဖြင့်ချိတ်ဆက်၍ ငွေကြေးအမြောက်အများကျခံ၊ ကြိုးပမ်းကြည့်ကြသော်လည်း အချည်းအနှီးသာဖြစ်နိုင်ကြောင်း CDM အသိုင်းအဝိုင်းက ပြောဆိုကြသည်။

“ဝန်ထမ်းမိသားစုတွေ CDMနဲ့ သက်ဆိုင်တာတွေ ဘာမှ လုပ်လို့မရဘူး။ ပတ်စ်ပို့ လုပ်ရင်လည်း ပိုက်ဆံပဲ အလကားကုန်မယ်။ အခုဆို အရင်ကထက် အခြေအနေတွေ ပိုခက်ခဲလာတယ်။ လုံးဝ မပေးထွက်ဘူး” ဟု ပတ်စ်ပို့အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တွင် CDM ပြုလုပ်ထားသည့် အစိုးရဝန်ထမ်းအများစုမှာ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ ဝန်ထမ်းများ ဖြစ်ကြသည်။ စားဝတ်နေရေးအခက်အခဲကြောင့် ၎င်းတို့ထဲမှအချို့မှာ သက်ဆိုင်ရာဌာနတွင် ခံဝန်လက်မှတ်ထိုးပြီး စစ်အုပ်စု လက်အောက် အလုပ်ပြန်ဝင်လုပ်နေသူများရှိသလို တရားမဝင်လမ်းကြောင်းဖြင့် နိုင်ငံရပ်ခြားသို့ထွက်ခွာကာ သွားရောက်အလုပ်လုပ်ကိုင်ကြသူများလည်း ရှိသည်။

Most read this week

ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...
ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...