ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်- ဇင်ချောင်းကြားတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA)တို့နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။
ရေတပ်အခြေစိုက်စခန်း(ရတခ)ဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းတွင်အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများကို မတ်လ ၂၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် AA က လက်နက်ကြီး၊ စနိုက်ပါများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ကော်မရှင်တပ်သား ၃၀ ဦးအထက်သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။
“မင်းဂံရေတပ်စခန်းဘက်ကို ချောင်းတဖက်ကမ်းကနေပစ်တာ။ ဇော်မတက်တို့၊ ရဲရိုးပြင်တို့ဘက်ကနေပေါ့။ မနေ့ကပစ်လိုက်တာ ၃၀ ကျော် ၄၀ လောက်သေတယ်။ စခန်းထဲ ၈၀ ယောက်လောက်ရှိတာ၊ ပစ်တာလည်း သိပ်မဝေးဘူး။ ပေနဲ့ကြည့်မယ်ဆို ပေ ၄၀၀-၅၀၀ လောက်ကနေ ပစ်တာ”ဟု ၎င်းက ပြောသည်။
စစ်တွေမြို့နယ်တွင် မြို့အနီးရွှေမင်းဂံဆိပ်ကမ်းနှင့် စစ်တွေမြို့အစွန်အဖျားနေရာများတွင်သာတိုက်ပွဲဖြစ်ပွားနေပြီး ရေတပ်စခန်းတိုက်ခိုက်ခံရမှု၌ ဒဏ်ရာရရှိသည့် စစ်ကော်မရှင်တပ်သားများကို စစ်တွေမြို့ရှိ အမှတ်(၈) စစ်မြေပြင်ဆေးတပ်ရင်း(မဆရ)၊ ကုတင်(၁၀၀)ဆေးရုံများသို့ပို့ဆောင်နေခြင်းကြောင့် စစ်ကော်မရှင်ဘက်ကအထိနာနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“စစ်တွေရွှေမင်းဂံဘက်မှာတော့ မြေအနေအထားအရ စစ်တပ်ဘက်ကအထိနာတယ်။ ခုတင် ၁၀၀ ဆေးရုံ၊ မဆရ(၈)ဘက်အထိပါ လူနာတွေပြန်ပို့နေတဲ့အနေအထားမျိုးတော့ သိရတယ်ဗျ။ စစ်တွေမှာက ပြည်နယ်လွှတ်တော်လည်းလုပ်နေတာဆိုပေမယ့် လွှတ်တော်လုပ်တဲ့နေရာတွေတော့ အာရက္ခတပ်တော်(AA)က လက်နက်ကြီးနဲ့ တိုက်တာမျိုးသိပ်မတွေ့ရဘူး။ ရွှေမင်းဂံဆိပ်ကမ်းရယ်၊ စစ်တွေမြို့အစွန်တွေမှာတိုက်ပွဲဖြစ်နေတယ်။ ကျောက်ဖြူမှာကတော့ အာရက္ခတပ်တော်က ဓညဝတီရေတပ်စခန်းကိုပဲ ဦးတည်ထားတာ” ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။
စစ်တွေကျေးတောဘက်၌ ဖေဖော်ဝါရီလ ၂၃ ရက်က တိုက်ပွဲစတင်ဖြစ်ပွားခြ့ရာ မတ်လဆန်းပိုင်းကစ၍ ရွှေမင်းဂံဘက်တိုက်ပွဲပြင်းထန်နေသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။
ထို့နောက် အဆိုပါရွှေမင်းဂံရေတပ်စခန်းမှာ စစ်တွေမြို့နယ်အတွင်းစစ်ဖြစ်ပွားသည့်နေရာများကို ရေလမ်းကြောင်းမှ တပ်အင်အားကူပေးနေသည့်ထောက်ပို့ရေတပ်စခန်းတခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ညမထွက်ရအမိန့်ကို တင်းကြပ်ထားခြင်းကြောင့် စစ်ကော်မရှင်အနေဖြင့် လူထွက်ချိန်မဟုတ်သည့် ည ၈ နာရီတိုင်း နေဗီစစ်သင်္ဘောကြီးများဖြင့် မကြာခဏစစ်အင်အားဖြည့်တင်းမှုများရှိကြောင်း ၎င်းက ဆိုသည်။
ကျောက်ဖြူဘက်တွင်လည်း မင်းပြင်အနီးရှိကျေးရွာများတွင်တိုက်ပွဲပြင်းထန်နေပြီး အာရက္ခတပ်တော်(AA)ဘက်ကလည်း ရေတပ်စခန်းများသို့ ဦးတည်ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲအရှိန်အားကောင်းနေကြောင်း ကျောက်ဖြူမြို့စစ်ရေးသတင်းအရင်းမြစ်က ဆိုသည်။
“ကျောက်ဖြူမှာ ကျောက်ပြောက်၊ ဝမြှောင် ၊ ငအုပ်ရွာတွေဘက်တိုက်ပွဲပြင်းထန်နေတယ်။ ဧပြီလ ၁၀ ရက် တပ်မွေးနေ့ မတိုင်ခင်မှာ တခုခုရမယ်ထင်ပါတယ်” ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။
လက်ရှိ အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် စစ်တွေမြို့တွင်သာ စစ်မျက်နှာဖွင့်တိုက်စစ်ဆင်နေပြီး မာန်အောင်မြို့ကိုမူ စစ်ရေးအရ တို့ထိခြင်းမရှိသေးပေ။
စစ်တွေမြို့တွင် စစ်သင်္ဘော ၁၀ စီးအထက်ရှိပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ ခလရ (၂၀)၊ ခလရ (၂၇၀)၊ ခလရ (၂၃၂) ခမရ (၃၄၄)၊ ခမရ (၃၅၄)၊ အမှတ်(၁၂) နှင့် အမှတ်(၃၆) ရဲတပ်ရင်းစသည့် တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ခလရ (၃၄)၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီးရေတပ်ဌာနခွဲတို့ တည်ရှိသည်။
ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ဒေသတွင်း မြို့ ၁၄ မြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်။







