စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန် သွားရောက်မည့်သူအချို့ကို စစ်အုပ်စုတပ်က တားဆီး၊ ပိတ်ဆို့၊ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။
အရပ်ဘက် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများကို စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ် အပါအဝင် စစ်ဆေးရေး ဂိတ်များမှ တားဆီးရုံသာမက အစည်းအဝေး ခေါ်ယူ၍လည်း ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။
ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေးတွေဘက်ကနေ စစ်ကိုင်းနှာ ပေါက်၊ ဧရာဝတီတံတားတို့မှာ ခြိမ်းခြောက်တားဆီးမှုတွေ ရှိနေပါတယ်ဗျ။ ကူညီကယ်ဆယ်ရေးလာမယ့် အဖွဲ့ တွေကိုလည်း မတ္တရာနဲ့ သူတို့ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့အနီးက ကျေးရွာတွေကိုပဲ သွားရောက်ခွင့် ပြုထား တယ်လို့ သိရပါတယ်။ ရွှေဘိုခရိုင် ရဲမှူးကြီးကလည်း မြို့ထဲကနေ ရေဘေးသွားကူမယ့်သူတွေကို အကြမ်းဖက် အားပေးမှုမြောက်တာဖြစ်တဲ့အတွက် နေအိမ်တွေ ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ် ဗျ” ဟု ပြောသည်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်နေသည့် ဒေသများမှာ စစ်အုပ်စုတပ်နှင့် တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ ပြင်းထန်သည့် ဒေသများဖြစ်ပြီး စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများလည်း မကြာခဏ ခေတ်စားခဲ့သည်။
ထို့ပြင် စစ်အုပ်စုတပ်က ရိက္ခာ၊ စက်သုံးဆီ၊ ဆေးဝါး အပါအဝင် အခြေခံ လူသုံးကုန်ပစ္စည်းများ သယ်ယူခွင့်ကို လည်း ကန့်သတ်ထားသည့် နေရာများ ဖြစ်ကြသည်။
ရေဘေးသင့်ပြည်သူများကို အကူအညီပေးနေသူတစ်ဦးက “ကူညီကယ်ဆယ်ရေးတွေက လုံးဝကို လုံလောက်မှု မရှိနေတာပါ။ NUG၊ PDF တွေ၊ ဒီဘက်က အရပ်ဘက်အဖွဲ့တွေက ကူညီကြပေမဲ့ စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေ အကြားက လုပ်ဆောင်နေရတာဆိုတော့ အခက်အခဲများစွာ ရှိနေပါတယ်” ဟု ပြောသည်။
စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း စစ်ကိုင်း ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ ကူညီကယ်ဆယ်ရေးသမားများအား ဓါးပြတိုက်ရန် လူစုနေကြောင်း၊ မိုင်းထောင်ခြင်းများ ရှိကြောင်း ဝါဒဖြန့် ရေးသားမှုများလည်း ရှိနေသည်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် ဘညွန့် က “ကယ်မယ့် ပရဟိတတွေက မသွားရသေးဘူး။ ဓားပြတိုက်ဖို့ လူက စုနေပြီ ၊ တပ်နဲ့ ရဲ၊ မီးသတ်တွေ မလာခင် လမ်းမှာ မိုင်းတွေက ထောင်နေပြီ…လိုင်းပေါ် အာမချောင်ဘဲ အမှန်တကယ် ကူညီစေချင်တာဆိုရင်၊ သဘောရိုးမှန်ခဲ့ရင် ခင်ဗျားတို့ ထောက်ခံတဲ့ ပဒက်တွေ ကိုသာ နီးစပ်ရာ တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေထံ အကူအညီ ကိုယ်တိုင် လာတောင်းခိုင်းကြပါလို့ပဲ ပြောချင် တယ်။ သေနတ်တော့ ယူမသွားကြနဲ့ပေါ့” ဟု ရေးသားထားသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဩဂုတ်လ ၄ ရက်နေ့မှစ၍ သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲ ဆည်နှင့် ကာဘိုးဆည်တို့မှ ရေပိုများကို မူးမြစ်အတွင်းသို့ လွှဲပြောင်းပေးခဲ့ရသည်။ ထို့ပြင် မြစ်ရေများပါ ဆက် တိုက်မြင့်တက်လာမှုကြောင့် မူးမြစ်နှင့် မြစ်လက်တက်များတွင် ရေမှတ်ထူးကဲစွာ မြင့်တက်ကာ ရေကြီးရေလျှံ မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မူးမြစ်နှင့် မြစ်လက်တက် ချောင်းရေများ စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်ရှိ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ အရာတော်၊ ကောလင်း၊ ဝက်လက်နှင့် မြင်းမူ မြို့နယ်များအတွင်း ရေဝင်ရောက်နေပြီး သောင်းနှင့်ချီသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေး အကူအညီမ ျားစွာ လိုအပ်လျက်ရှိသည်။
ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် သဖန်းဆိပ်ဆည်အတွင်း ရေလက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်နေသည့် အပြင် မိုးများ ဆက်လက်ရွာသွန်းနေ၍ ဆည်ရေလွှဲတံခါးပေါက် အားလုံးကို ဖွင့်ချလိုက်ပြီ ဖြစ်သည်။
ထိုရေများသည် သဖန်းဆိပ်ဆည် အောက်ပိုင်း၊ မူးမြစ်အောက်ပိုင်းနှင့် ကာဘိုးဆည်၊ ကင်းတပ်ဆည်တို့ဘက်သို့ မကြာမီကာလအတွင်း ရောက်ရှိလာမည်ဖြစ်ရာ မူးမြစ်နှင့် မြစ်လက်တက်များ၏ ကမ်းအနီးဒေသခံများအနေဖြင့် ရေဘေးအန္တရာယ်ကို သတိပြု၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် ဆက်သွယ်ရေးစက်များနှင့် လူမှုကွန်ရက် များမှတစ်ဆင့် နှိုးဆော်လျက်ရှိသည်။
ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူက “အခု ဒုတိယအကြိမ် ရေထပ်လွှတ်ထားတာမို့ ပြည်သူတွေအနေနဲ့ အသက် အန္တရာယ် မဆုံးရှုံးရအောင် မပေါ့ဆဘဲ ဘေးလွှတ်ရာ ကြိုရှောင်ကြဖို့ နှိုးဆော်ချင်ပါတယ်ဗျ” ဟု ဆက် ပြော သည်။
ဒီပဲယင်းမြို့နယ်၌ ကျေးရွာပေါင်း ၂၁ ရွာ၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း၌ ကျေးရွာပေါင်း ၁၉ ရွာ၊ ဝက်လက် မြို့နယ် အနောက်ဘက်ခြမ်း၌ ကျေးရွာပေါင်း ၁၅ ရွာ၊ ကန့်ဘလူမြို့နယ်၌ ကျေးရွာပေါင်း ၁၄ ရွာ၊ တန့်ဆည်မြို့ နယ်၌ ကျေးရွာပေါင်း ၂၀ ရွာ၊ ရေဦးမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာပေါင်း ၅၀ ကျော်နှင့် ရွှေဘို မြို့နယ်၌ ကျေးရွာပေါင်း ၂၀ ခန့် အပါအဝင် မူးမြစ်နှင့် မြစ်လက်တက်များ၏ ကမ်းတစ်လျှောက်ရှိ ရွာပေါင်း ၂၀၀ ခန့် ရေဘေးသင့်နေရခြင်း ဖြစ်သည်။
ထို့ပြင် ထိုရေကြီးရေလျှံမှုများအတွင်း ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အတွင်း ဒီပဲယင်း၌ ၈ ဦး၊ ရွှေဘို၌ ၁ ဦး၊ ခင်ဦး၌ ၁ ဦး၊ ဝက်လက်၌ ၁ ဦး၊ ကျွန်းလှ၌ ၈ ဦး၊ ကောလင်း၌ ၃ ဦး၊ တန့်ဆည်၌ ၂ ဦးနှင့် ကန့် ဘလူ၌ ၁ ဦး စုစုပေါင်း ၂၅ ဦးအထိ သေဆုံးခဲ့ပြီး ကောလင်းမြို့နယ်မှ ဒေသခံ ၂ ဦး ပျောက်ဆုံးနေကြောင်း NUG ၏ အချက်အလက်များနှင့် ဒေသတွင်း သတင်းရင်းမြစ်များ၏ စာရင်းများအရ သိရှိရသည်။
စစ်ကိုင်းရေဘေးအတွက် အကူအညီများစွာ လိုအပ်လျက်ရှိရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်တို့ ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းထားသည်။
စစ်ကိုင်းတိုင်းတွင်သာမက မြန်မာနိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှုများပြား၍ မြစ်၊ ချောင်းများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ မြစ်ကမ်းဘေး အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့







