ချင်းလွှတ်တော်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ထားသူ စစ်အရာရှိကြီး ၂ ဦး ပါဝင်

ချင်းလွှတ်တော်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ထားသူ စစ်အရာရှိကြီး ၂ ဦး ပါဝင်

အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲများအလွန် ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားသော စစ်တပ်မှ စစ်အရာရှိကြီး ၂ ဦးတို့ ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။

မတ်လ ၂၀ ရက်က စတင်ကျင်းပသော ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမြို့နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု များထဲ ပါဝင်ခဲ့သော ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့သည် စစ်တပ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း CHRO က မတ်လ ၂၀ ရက်မှာ ကြေညာသည်။

“ချင်းပြည်နယ်လွှတ်တော်မှာ ညှင်းပန်းနှိပ်စက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံ ထားရတဲ့ စစ်တပ်အရာရှိတွေကို ပြန်လည်ထားရှိနေတာဟာ နစ်နာသူဒေသခံတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စော်ကားပြုမှုခြင်းသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို အာဏာရှိတဲ့ နေရာတွေကို ပြန်လည်ပို့ဆောင်အသုံးပြုဖို့နဲ့ တရားမျှတမှု ရှာဖွေခံရခြင်းမှ ကာကွယ်ဖို့အတွက် စနစ်တကျ တွက်ချက်ပြီး ကြိုတင်ကြံစည်ထားတဲ့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ ကမ္ဘာကလည်း မှတ်မိနေမှာဖြစ်တယ်” ဟု CHRO မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ခြေမြန်တပ်ရင်းများကို ကြီးကြပ်ကွပ်ကဲသော ဗျူဟာမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စောထွန်းသည် စစ်အာဏာာသိမ်းပြီးနောက် ၂၀၂၁ နှင့် ၂၀၂၂ အတွင်းက စစ်ဆင်ရေးများတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများတွင် ပါဝင်သည်ဟု CHRO ထံမှ သိရသည်။

၂၀၂၁ ခုနှစ် မေလအတွင်း ဟားခါးမြို့မှာ စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရမှုအတွင်း အသက် ၅၄ နှစ်အရွယ် Pu Tler Ling နှင့် အသက် ၂၇ နှစ်အရွယ် Salai Kham Bawi တို့ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်းအပါအဝင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံခဲ့ရကြောင်း၊ ၎င်းဖြစ်စဉ်တွင် ဗိုလ်မှူးကြီး စောထွန်းက အမိန့်ပေး ညွှန်ကြားခဲ့သည်ဟု စုဆောင်းရရှိထားသော သက်သေများအရ သိရကြောင်း CHRO က ထုတ်ပြန်သည်။

အဆိုပါချင်းအမျိုးသား ၂ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဗိုလ်မှူးကြီး အာကာကျော်မိုးသည် ကိုယ်တိုင် ကိုယ်ကျ ညှဉ်းပန်းနှိပ်စက်ပြီး သေဆုံးသည်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့ကို ချင်းပြည်နယ်မှာ အရပ်သားများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ အပြစ်ပေး အရေးယူနိုင်ရန် တိုင်ကြားချက်အတွင်း အခြားသော စစ်အရာရှိကြီးများနှင့်အတူ ပါဝင်ထည့်သွင်းထားသည်ဟု CHRO ထံမှ သိရသည်။

၂၀၀၈ အခြေခံဥပဒေအရ ချင်းပြည်လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားရာ စစ်တပ်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က စစ်တပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၄ ဦး တိုက်ရိုက်ခန့်အပ်မှုတွင် ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့ ၂ ဦးတို့ ပါဝင်လာခြင်းဖြစ်သည်။

စစ်ရာဇဝတ်မှု ကျူးလွန်ထားသော စစ်တပ်အရာရှိကြီးများကို ဥပဒေပြုရေးကဏ္ဍတွင် ခန့်အပ်ခြင်းသည် ရွေးကောက်ပွဲများမှတစ်ဆင့် အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ဖော်ဆောင်ခြင်းမဟုတ်ဘဲ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိရေးအတွက် စစ်ကော်မရှင်က ရည်ရွယ်လုပ်ဆောင်ခြင်းသည်ဟု သိရသည်။

ချင်းပြည်လွှတ်တော်တွင် လွှတ်တော်ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ Pu Kawl Lian Thang နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးသန့်စင်ဦးတို့ကို ရွေးချယ်ခံထားရကြောင်း သိရသည်။

March 23, 2026
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် (Siaha District) မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ...
March 21, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌...
March 20, 2026
ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့...
March 19, 2026
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့်...