ကျောက်ဖြူတွင် အရပ်သားများကို စစ်ကောင်စီက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု မြင့်တက်လာ

ကျောက်ဖြူတွင် အရပ်သားများကို စစ်ကောင်စီက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု မြင့်တက်လာ

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီသည် အသေခံ ဒရုန်းများဖြင့် အရပ်သားများ နေထိုင်ရာ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းများကို တိုက်ခိုက်မှုများ မြင့်တက်လာနေကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောက်ကလေနှင့် င/အုပ်ကျေးရွာတို့တွင် စစ်ကောင်စီက အသေခံဒရုန်း (Kamikaze Drone) ဖြင့် တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှင့် ရွာခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုကို ခံလိုက်ရသည့် အသက် ၇၈ နှစ်အရွယ် ကျောက်ကလေကျေးရွာသား ဦးဆိတ်ဖြူအောင်က စစ်ကောင်စီသည် အရပ်သားမှန်း သိလျက်နှင့် တမင်ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြောသည်။

“ ကျောင်းတွေကိုလည်း ပစ်တယ်။ ပင်လယ်ဘက်ကနေ တက်လာတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတာ ၄ ကြိမ် ရှိပြီ။ ကျနော်တို့ နေတဲ့ နေရာတွေမှာ စစ်ဘေးရှောင်နဲ့ ရွာသားတွေပဲ ရှိတာ။ တစ်ခါတစ်လေ လေယာဉ်နဲ့ အရင် ပစ်တယ်၊ ပြီးရင် အသေခံ ဒရုန်းနဲ့ပါ တိုက်ခိုက်တယ် ” ဟု ဦးဆိတ်ဖြူအောင်က ပြောသည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် မတ်လမှ စ၍ ကျောက်ဖြူမြို့နယ်အတွင်း ဗုံးကြဲဒရုန်းနှင့် အသေခံဒ ရုန်းများကို ဆက်တိုက် အသုံးပြုလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသည့် ကျေးရွာများမှာ တိုက်ပွဲဖြစ်ပွားရာဒေသနှင့် ၄ မိုင်မှ ၁၀ မိုင်ကျော်အထိ ကွာဝေးကြောင်း သိရသည်။

DMG ၏ မှတ်တမ်းများအရ ၂၀၂၅ မတ်လမှ စ၍ ကျောက်ဖြူမြို့နယ်က ကျောက်ကလေ၊ ဇင်ချောင်း၊ မော်ကြီး အပါအဝင် ကျေးရွာ ၉ ရွာထက်မနည်းတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၃၀ ဦးထက်မနည်း ရှိလာနေသည်။

အသေခံ ဒရုန်းအန္တရာယ်မှ လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ စစ်ကောင်စီသည် နေရပ်စွန့်ခွာနေကြသည့် စစ်ဘေးရှောင်များ၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရသည်။

"စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတုန်း ကင်းထောက်ဒရုန်း ရောက်လာတယ်။ ရွာသားတွေကို သတိပေးပြီး ရှောင်ခိုင်းနေတုန်း ညနေ ၄ နာရီလောက်မှာ အသေခံ ဒရုန်းနဲ့ တိုက်ခိုက်လာတာ ခံခဲ့ဖူးတယ် " ဟု မော်ကြီးကျေးရွာမှ ဦးကျော်သိန်းမြင့်က ပြောသည်။

ဦးကျော်သိန်းမြင့်သည် ပြီးခဲ့သည့် ဖော်ဖော်ဝါရီလက မိသားစုဝင်များနှင့်အတူ နေအိမ်ကို စွန့်၍ စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် အသေခံဒရုန်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၎င်းမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ယောက္ခမဖြစ်သူနှစ်ဦးနှင့် ဆွေမျိုးအချို့ ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ဓညဝတီရေတပ်ဌာနချုပ်၊ ဘင်္ဂလားပင်လယ်အော်နှင့် သံဇစ်မြစ်တို့တွင် နေရာ ယူထားသော စစ်သင်္ဘောများပေါ်မှ တစ်ဆင့် ဒရုန်းများကို လွှတ်တင်နေခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းများတွင် အဆင့်မြင့် ကင်မရာနှင့် ဆင်ဆာစနစ်များ ပါဝင်ပြီး မြေပြင်ရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာများကို မီတာရာချီ အကွာအဝေးမှပင် ခွဲခြားနိုင်သော်လည်း ကျောက်ဖြူဒေသခံများမှာ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် မြို့နှင့် ၅ မိုင်ကျော်ဝေးသည့် စည်မော်ကျေးရွာက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲသည် ယနေ့တွင် တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။

Most read this week

ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းတစ်နေရာကို ၂၀၂၆၊ မတ်လအတွင်း တွေ့ရစဥ်။
March 17, 2026
မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသတို့ကို ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ...
March 16, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁,...
လေကြောင်းအသိပညာပေးနှင့် တားမြစ်ချက် ထုတ်ပြန်ထားခြင်း။ ဓာတ်ပုံ- GEM
March 14, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ဒေသက ပြည်သူများ လေကြောင်းအန္တရာယ်ကို ပိုမိုသတိပြုနိုင်စေရန်အတွက် ULA...
March 13, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ပိတ်ပင်မှုကြောင့်...