ရသေ့တောင်၊ စေတီပြင် စစ်‌ဘေးရှောင်များ စားဝတ်နေရေး အကူအညီ လိုအပ်နေ

ရသေ့တောင်၊ စေတီပြင် စစ်‌ဘေးရှောင်များ စားဝတ်နေရေး အကူအညီ လိုအပ်နေ

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁,၀၀၀ ခန့်မှာ စားဝတ်နေရေး အခက်အခဲကြုံနေရသဖြင့် အကူအညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

စေတီပြင် စစ်ဘေးရှောင်စခန်းတွင် စစ်တွေနှင့် သံတွေမြို့နယ်မှ စစ်ဘေးရှောင်များ နေထိုင်ကြပြီး လက်ရှိတွင် အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုတို့ကြောင့် နေထိုင်စားသောက်ရေး ကျပ်တည်းနေကြသည်။

“ ကျမတို့က မုန့်ရောင်းစားတယ်။ နေမကောင်း နည်းနည်းဖြစ်တာနဲ့ စားဝတ်နေရေးက လိုက်မမီတော့ဘူး။ ကလေးကျောင်းလခလည်း ပေးရဦးမယ် ။ အလုပ်ကရတဲ့ ပိုက်ဆံနဲ့ ကုန်တာက လိုက်မမီပါဘူး။ စားဝတ်နေရေး လိုက်မမီရင်တော့ သူများဆီက ချေးငှား သုံးနေရတယ် ” ဟု သံတွဲမြို့နယ်မှ စစ်ဘေးရှောင်နေသူ အသက် ၄၆ နှစ် အရွယ် ဒေါ်လှညွန့်စိန်က DMG ကို ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များမှာ ဒေသတွင်း တောင်ပေါ်တက်ပြီး ထင်းခုတ်၊ ငါးရှာ၊ ကုန်တင်ကုန်ချ၊ နေ့စားစသည့် ကြုံရာကျပန်း အလုပ်ဝင်ရောက် လုပ်ကိုင်ကြသော်လည်း ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဒုက္ခရောက်နေရသည်ဟု ဆိုသည်။

“ ဒီမှာလည်း စားဝတ်နေရေးက အဆင်မပြေဘူး။ အလုပ်ခေါ်တဲ့ နေရာတွေ ကျပန်း ဝင်လုပ် ပိုက်ဆံလည်း အများရတယ်။ အများလည်း ကုန်တယ်။ သံတွဲပြန်ဖို့ကျတော့ ကိုယ့်ဘက်မှာ ဒီမှာထက် အလုပ်အကိုင် ပိုရှားတယ်။ အခုသွားရင် ငတ်များ ငတ်မလား။ အခုထိ ဒီကို လာနေတဲ့သူတွေ ရှိတော့ မပြန်ရဲဘူး ” ဟု သံတွဲမြို့နယ်ကနေ စေတီပြင် စစ်ဘေး‌ရှောင်စခန်းတွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ဒေါ်သန်းသန်းနွယ်က ပြောသည်။

သံတွဲမြို့နယ်တွင် ငါးဖမ်းလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး လက်ရှိတွင် စစ်ကောင်စီ၏ နေဗီများ အန္တရာယ်ကြောင့် ရေလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသေး၍ အိမ်မပြန်နိုင်ကြသေးပေ။

“ ကျနော်တို့က အလုပ်အကိုင် မရှိပါဘူး။ သမီးက အလုပ်လုပ်တယ်။ သူ့လုပ်အားကို မှီခိုပြီး စားသောက်ရတာပါပဲ။ ချွေတာပြီး သုံးစွဲတာတောင် စားဝတ်နေရေး မပြေလည်ဘူး “ ဟု စေတီပြင် စစ်ရှောင်စခန်းရှိ စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စေတီပြင် စစ်ဘေးရှောင်များကို ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကနေ ထောက်ပံ့မှု တစ်ချို့ရှိနေလည်း လစဉ်ပုံမှန် မဟုတ်ဘဲ ဖြစ်နေသဖြင့် ပိုပြီးကျပ်တည်းကြောင်း ပြောကြသည်။

ယင်းအပြင် အခြား ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများကလည်း ရသေ့တောင်မြို့နယ်ကို ကူညီထောက်ပံ့မှု အားနည်းနေကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် တိုက်ပွဲကာလ ၂ နှစ်ကျော်ကြာမြင့်လာပြီး စစ်ဘေး‌ရှောင်များမှာလည်း အချိန်ကြာမြင့်စွာ စစ်ဘေးတိမ်းရှောင်ရခြင်း ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုတို့ကြောင့် ဘဝ ရှင်သန်ရပ်တည်ရေး မလွယ်ကူဖြစ်နေကြသည်။

၂၀၂၆ ၊ မတ်လ ၉ ရက်က ထုတ်ပြန်သည့် UNOCHA ထုတ်ပြန်ချက်တွင် ရခိုင်‌ဒေသသည် လူသားချင်စာမှု ထိခိုက်မှု၊ စားဝတ်နေရေး ဖူလုံမှုတို့တွင် အဆိုးရွားဆုံးအခြေအနေတွင် ရှိကြောင်း ဖော်ပြထားသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...