ကျောက်ကြီးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၀ ကျော် သေဆုံး

ကျောက်ကြီးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၀ ကျော် သေဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ကြောင်း ထိုး ဝင်ရောက် သတ်ဖြတ်ခြင်းကြောင့် ကလေးငယ်များအပါအဝင် အရပ် သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင် စစ်အုပ်စုတပ်ဖွဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) နှင့် ပူးပေါင်း စစ်ကြောင်းများသည် ထီးပုလုကျေးရွာအုပ်စု၊ ကျောင်းကုန်းနှင့် ဒါးဆိပ် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဂျက်ဖိုက်တာ နှင့် ဒရုန်းများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်မှစ၍ အသက် ၆၀ အရွယ်အထိ ပါဝင်သော အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၈ ဦး၊ စုစုပေါင်း ၂၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တဆက်တည်းတွင် ၎င်းနေ့တွင်ပင် ထီးပုလုကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာသော စစ်အုပ်စု စစ်ကြောင်းက အသက် ၃၅ နှစ်မှ ၅၃ နှစ်အရွယ်ကြားရှိ ဒေသခံအမျိုးသား ၅ ဦးကို ထပ်မံသတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်တပ်က အင်အားတွေ အလုံးအရင်း သုံးပြီးတော့ ရွာထဲကို ဝင်လာပြီး ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ စာရင်းအတိအကျကိုတော့ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုစစ်တပ်တွေက ရွာထဲမှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ အခုထိဆိုရင် စစ်တပ်က ရွာသူရွာသားတွေကို သတ်ဖြတ်တာ အယောက် ၃၀ ကျော်နေပြီ" ဟု ခရိုင်တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထီးပုလုကျေးရွာရှိ စာသင်ကျောင်း၌ ဒေသခံရွာသား ၁၆၀ ခန့်ကို စစ်အုပ်စုတပ်က လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဖမ်းဆီးခံထားရသူများအနက် အယောက် ၁၀၀ ကျော်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက သွားရောက်ကယ်တင်နိုင်ခဲ့သဖြင့် လွတ်မြောက်လာခဲ့ပြီး ကျန်ရှိနေသူများကို စစ်အုပ်စုတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါ ခရိုင်တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိအချိန်ထိ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဆက်လက် တပ်စွဲထားကြောင်း ထိခိုက်သေဆုံးမှုအရေအတွက် ထပ်တိုးလာနိုင်ဖွယ် ရှိကြောင်း ကေအဲန်ယူက ဆိုသည်။

(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...