စာမေးပွဲသွားရောက်ဖြေဆိုကြရမယ့် ဖားကန့်ကျောင်းသူ/သားတွေ ကာမိုင်းမြို့ကို စတင်ထွက်ခွာ

စာမေးပွဲသွားရောက်ဖြေဆိုကြရမယ့် ဖားကန့်ကျောင်းသူ/သားတွေ ကာမိုင်းမြို့ကို စတင်ထွက်ခွာ

ကချင်ပြည်နယ် ဖားကန့်ဒေသက တက္ကသိုလ်ဝင်တန်း(၁၂ တန်း) စာမေးပွဲသွားဖြေဆိုရမယ့် ကျောင်းသူကျောင်းသားတွေဟာ ဒီကနေ့မနက်ပိုင်းမှာပဲ ကာမိုင်းမြို့ကို ဆင်းသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ၁၂ တန်းကျောင်းသူ/သားတွေ စာမေးပွဲဖြေဆိုဖို့ အဆင်မပြေတာကြောင့် အခက်အခဲတွေကြား ကာမိုင်းမြို့(ဖားကန့်မြို့နယ်ခွဲ)ဘက် ပြောင်းရွေ့ဖြေဆိုကြရတာ ဖြစ်ပါတယ်။

“ဖားကန့်က ၁၂ တန်းဖြေဆိုကြမဲ့ကျောင်းသားတွေက ဘယ်နှစ်ယောက်လဲတော့မသိဘူး။ ကားမိုင်းကိုဆင်းပြီတဲ့။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

တိုက်ပွဲကြောင့် လမ်းပိတ်မှာ စိုးရိမ်ကြရတဲ့အပြင် ခရီးစရိတ်၊ စားစရိတ်၊ နေထိုင်စရိတ် မြင့်မားနေတဲ့ အခြေအနေတွေကြားက စာမေးပွဲသွားရောက်ဖြေဆိုနိုင်ရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

သွားရောက်ဖြေဆိုမယ့် ကျောင်းသူ/သား အရေအတွက်အတိအကျကိုတော့ မသိရပါဘူး။

၂၀၂၆ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လာမဲ့ မတ်လ ၁၁ ရက်နေ့ စတင်ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲအတွက် ပြင်ဆင်ဖို့ ကာမိုင်းကို တစ်ပတ်ကြိုတင်ဆင်းကြတာဖြစ်ပြီးတော့ ကျောင်းသားမိဘအချို့ လိုက်ပါသွားတာလည်းရှိတယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မြို့ပေါ်ရပ်ကွက် မရှီကထောင်ရပ်ကွက် အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ နေ့စဉ်နီးပါးဆိုသလို လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေရပ်ကွက်နဲ့ အနီးဝန်းကျင်တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီးတော့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအနီး ယူမာနဲ့ မရှီကထောင်ကြားမှာ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့စဉ်နီးပါးဆိုသလို လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေရှိနေတာ ဖြစ်ပါတယ်။

May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...
May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...
May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...