မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနဲ့ သစ်တိုကျွန်းကျေးရွာလမ်းပိုင်းတို့မှာ နှစ်ရက်အတွင်း ဒေသခံ အမျိုးသား ရှစ်ဦး ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲတပ်ဖွဲ့နဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဘီးလင်း - တောင်စွန်းလမ်းပိုင်း သစ်တို့ကျွန်းရွာအနီးမှာ ပိတ်ဆို့စစ်ဆေးပြီးနောက် မုသင်ကျေးရွာနေ အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇ နာရီအချိန်ကလည်း တောင်စွန်းဘူတာ သွားလမ်းပိုင်းမှာ အသက် ၂၀ အရွယ်ကနေ ၄၀ ကြားရှိတဲ့ အမျိုးသား ခြောက်ဦးကို ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးသွားတဲ့ ဒေသခံ အမျိုးသား ရှစ်ဦးကို ဘီးလင်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး အဲဒီထဲမှာ မျက်မမြင်အဖွားနဲ့ အတူနေထိုင်တဲ့ မုသင်ကျေးရွာနေ လူငယ်တစ်ဦးကတော့ ကျေးရွာအုပ်ချုပ်ရေးမှူး အကူအညီကြောင့် ငွေကျပ် နှစ်သိန်းပေးပြီး ပြန်လွှတ်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် နှင်းပုလဲ-ဘီးလင်းလမ်းပိုင်းမှာ အလုပ်ကနေ ပြန်လာတဲ့ လူငယ် ငါးဦး ဖမ်းဆီးခံရပြီးနောက် သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့ဆောင်ခံထားရပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ဒေသတွင်းက လူငယ်တွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။







