သရက်ချောင်းတွင် အမျိုးသမီး ၅ ဦးအပါအဝင် စစ်ရှောင် ၇ ဦးကို စစ်အုပ်စုတပ် ဖမ်းဆီးသတ်ဖြတ်

သရက်ချောင်းတွင် အမျိုးသမီး ၅ ဦးအပါအဝင် စစ်ရှောင် ၇ ဦးကို စစ်အုပ်စုတပ် ဖမ်းဆီးသတ်ဖြတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုတပ်သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စုံစင်ဖျား ကျေးရွာမှ စစ်ရှောင်ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ဝင်းဝစခန်းသို့ စစ်ကူလာသည့် စစ်အုပ်စုတပ် ခြေလျင်တပ်ရင်း (ခလရ)-၄၀၉ ပူးပေါင်း စစ်ကြောင်း သည် စုံစင်ဖျားကျေးရွာသို့ ရောက်ရှိစဉ် စစ်ရှောင်ရွာသားများနှင့် ထိပ်တိုက်တိုးကာ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ကစယ်ဒိုမြို့နယ် တာဝန်ရှိသူတစ်ဦးက “စုံစင်ဖျားရွာမှာက ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းကပဲ လေယာဉ်နဲ့ လာပစ်တော့ တစ်ရွာလုံး လူထုတွေက စစ်ရှောင်နေရတာဖြစ်တယ်။ အဲဒါကြောင့် သူတို့တွေက ရွာပြင်ဘက်မှာ လိုက်ရှောင်နေရတဲ့အခါမှာ တစ်ဖက်ကလည်း စစ်ကြောင်း ထိုးလာတဲ့ အဖွဲ့နဲ့တိုးတော့ ဖမ်းဆီးပြီး သတ်ဖြတ်ခံရတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဝင်းဝတပ်စခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ကြာရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ကလည်း စုံစင်ဖျားကျေးရွာအုပ်စုထဲသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အတွက် ဒေသခံတစ်ဦး သေဆုံးပြီး လူနေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့သေးသည်ဟု သိရသည်။

စစ်အုပ်စုတပ်သည် လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းထိုးလာနေသည့်အတွက် စုံစင်ဖျားကျေးရွာအပါအဝင် မင်းကံ၊ ရေငဲ စသည့် ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ယခု တက်လာသော စစ်အုပ်စုတပ်စစ်ကြောင်းသည် သရက်ချောင်းမြို့မှတစ်ဆင့် လာသည့် စစ်ကူစစ်ကြောင်းဖြစ်သည်ဟု သိရသည်။

March 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့်...
Photo: CJ
March 20, 2026
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက်...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
March 18, 2026
လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုများသည့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၇)...