အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ဖေဖော်ဝါရီလအတွင်း ဒေသခံ ၄၂ ဦးသေဆုံးခဲ့ကာ ၅၀ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ၉၂ ဦး အထိရှိကြောင်း DMG ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ထိခိုက်သေဆုံးသူများသည် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့်ဖြစ်ပြီး ထိုအထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ အများဆုံး တွေ့ရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၅ ဦး သေဆုံးကာ ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ၇၀ ဦး ဖြစ်သည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ၅ ဦး ထိခိုက်သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို လေကြောင်း ဗုံးကြဲခဲ့မှုကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ၂၀ ဦး အစုလိုက်အပြုံလိုက် သေဆုံး သွားခဲ့ပြီး ဒဏ်ရာရသူ ၁၃ ဦး အထိရှိခဲ့သည်။
ယင်းအပြင် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ကို ဖေဖော်ဝါရီ ၁၂ ရက်က လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့ကြသည်။
“ ကျမ လုံးဝ စိတ်မကောင်းဘူး။ အစ်မ သားသမီးတွေ ဒဏ်ရာရ သွားတယ်။ ဒဏ်ရာ ပြင်းထန်တယ်။ ဒါကြောင့် ဒီမင်းအောင်လှိုင်(စစ်ခေါင်းဆောင်)ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ် ” ဟု ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်က ဒေါ်ရီရီက ပြောသည်။
ယင်းအပြင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ခဲ့ကာ စုစုပေါင်း ၇ ဦး ထိခိုက်သေဆုံးခဲ့သည့်အပြင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ၁၀ ဦး ဖြစ်ကြောင်း တွေ့ရသည်။
တစ်လအတွင်း လေကြောင်း၊ လက်နက်ကြီးနှင့် မိုင်းကြောင့် ထိခိုက်သေဆုံးသူများထဲတွင် ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်ပြီး ကလေးငယ် ၉ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ၁၃ ဦးနှင့် အမျိုးသမီး ၂၄ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စုစုပေါင်း ၅၀ ဦးဖြစ်၍ အမျိုးသမီး ထိခိုက်သေဆုံးသူ အများဆုံးဖြစ်သည်။
DMG ကောက်ယူထားသော စာရင်းများအရ ထိခိုက်သေဆုံးသူများထဲတွင် အမျိုးသားများလည်း ပါဝင်ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆ ဦး အထိရှိကာ စုစုပေါင်း ထိခိုက်သေဆုံးသူ ၄၂ ဦး ဖြစ်ကြောင်း တွေ့ရသည်။
တစ်လတာအတွင်း ထိခိုက်သေဆုံးသူများထဲတွင် ကျောက်တော်တွင် ၄ ဦး၊ ကျောက်ဖြူတွင် ၁၀ ဦး၊ မင်းပြားတွင် ၂ ဦး၊ ရမ်းဗြဲတွင် ၂ ဦး၊ ပုဏ္ဏားကျွန်းတွင်၂၀ ဦးနှင့် မြောက်ဦးတွင် ၄ ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများထဲတွင် ကျောက်တော် ၉ ဦး၊ ကျောက်ဖြူ ၁၂ ဦး၊ မောင်တော ၁ ဦး၊ ရမ်းဗြဲ ၄ ဦး၊ သံတွဲ ၃ ဦး၊ အမ်း ၃ ဦး၊ ပုဏ္ဏားကျွန်း ၁၂ ဦးနှင့် မြောက်ဦး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ ရခိုင်တွင် အာရက္ခတပ်တော်မှ မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက ရခိုင်မှ AA ထိန်းချုပ်မြို့နယ်များအပါအဝင် ၎င်းတို့ ထိန်းချုပ်ရာမြို့နယ်များကိုလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိနေသည်။
ထိုကဲ့သို့ စစ်ကောင်စီသည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများရှိရာ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း လစဉ်မြင့်တက်လျက်ရှိနေသည်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းက “ အခုလို လုပ်ရပ်တွေဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာ။ နောက်တစ်ခါ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တာလို့ ပြောလို့ရတယ်။ တိုက်ပွဲမဖြစ်ဘဲ တမင်တကာ အရပ်သားတွေကို ထိခိုက်စေအောင် လုပ်တာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာ။ ဒါကြောင့် နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူပေးပါလို့ ပြောချင်တယ် ” ဟု ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးသည့် ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ULA လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ရခိုင်မှ ဒေသခံများမှာ အသက်၊အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးနေသည့်အပြင် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာများလည်း ထိခိုက်နေပြီး စိတ်မလုံခြုံမှုများစွာနှင့် နေထိုင်နေကြရသည်။
ရခိုင်တိုက်ပွဲပြင်းထန်မှုများနှင့်အတူ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့်လည်း ကျေးရွာတချို့မှ ဒေသခံပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်လျက် ရှိနေသည်။







