ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး ၎င်းတို့၏ ဘေးအန္တရာယ်ကို အမျိုးသားရေး တာဝန်အဖြစ် တားဆီးကာကွယ်ဆောင်ရွက်သွားမည်ဟု သိရသည်။
ချင်းပြည်မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က ဒုတိယအကြိမ်၊ ချင်းပြည် (Chinland) လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းသည်ဟု သိရသည်။
မူးယစ်းဆေးဝါးတားဆီး ကာကွယ်နှိမ်နှင်းရေးအဖွဲ့ကို ချင်းပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးက ခေါင်းဆောင်ပြီး ကျန်းမာရေး ဝန်ကြီး၊ ရှေ့နေချုပ်၊ ဒေသန္တရအုပ်ချုပ်ရေးအကြီးအကဲများနှင့် ရဲတပ်ဖွဲ့အကြီးအကဲတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါအဖွဲ့သည် ဝန်ကြီးဌာနများ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ မူဝါဒလမ်းညွှန်းချက်များ ချမှတ်ခြင်း၊ လူထုအသိပညာပေး လုပ်ငန်းများကို ဦးဆောင် အကောင် အထည်ဖော်ပေးခြင်း၊ ပြည်ပနိုင်ငံများ၊ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် လုပ်ငန်းတာဝန် ၁၄ ချက်ကို ပြဋ္ဌာန်းထားပြီး ကျယ်ကျယ်ပြန့်န်ပြန့် လုပ်ပိုင်ခွင့် ပေးထားသည်ဟု သိရသည်။
ချင်းပြည်ဒေသန္တရအစိုးရအဖွဲ့များသည်လည်း ဒေသန္တရ မူးယစ်းဆေးဝါးတားဆီးကာကွယ် နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက် သွားမည်ဖြစ်ပြီး တားဆီးကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ လူထု အသိပညာပေး လှုံ့ဆော်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွား မည်ဟု သိရသည်။
ချင်းပြည်မူးယစ်းဆေးဝါဥပဒေအရ ချင်းပြည်သူများအနေဖြင့် ဘိန်းပင်ကဲ့သို့ ချင်းကျန်းမာရေးဝန်ကြီးဌာနက မူးယစ်းဆေးဝါး ဖြစ်သည်ဟု ကြေညာထားသော အပင်များ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးသုံးစွဲခြင်း၊ လက်ဝယ်ထားခြင်း၊ လွှဲပြောင်းခြင်း၊ တဆင့်ပို့ပေးခြင်း၊ အချင်းချင်းကြား လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း သို့မဟုတ် အခြား တနည်းနည်းဖြင့် ပြုလုပ်ခြင်းတို့ ပြုလုပ်ပါက ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု သိရသည်။
မူးယစ်းဆေးဝါးတားဆီးနှိမ်းနှင်းရေး တာဝန်ရှိသူများသည် တံစိုးလက်ဆောင်ယူခြင်း၊ ကျူးလွန်သူကို အရေးမယူဘဲ ထိန်ချန်ခြင်း၊ မူးယစ်းဆေဝါးလုပ်ငန်းမှာ ပါဝင်ပတ်သက်ခြင်း၊ ၎င်းမှ အကျိုးအမြတ် ယူခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွား အသုံးချ ပါက ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု သိရသည်။
မူးယစ်းဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်တွင်းပြည်ပ တင်ပို့ခြင်း၊ ဂိုဏ်ဖွဲ့ ကျူးလွန်ခြင်း၊ လက်နက်ကိုင်၍ မူးယစ်ဆေးဝါးမှုခင်းများကို ကျူးလွန်သူများသည် ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်ရမည်ဟု သိရသည်။
ချင်းပြည်နယ်တွင် မူးယစ်းဆေးဝါးကိစ္စနှင့်ပတ်သက်၍ သတင်းပေးသူကိုလည်း ဆုငွေချီးမြှင့်ပေးသွားမည်ဟု သိရသည်။
ဒေသခံပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲကြောင်း မျက်မြင်သက်သေတွေ့ရှိလျှင် ချင်းပြည် ရဲတပ်ဖွဲ့ နှင့် ဒေသန္တရ ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။
ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်းစိုက်ပျိုးမှု တတိယအများဆုံး ပြည်နယ်တစ်ခုဖြစ်လာပြီး ယမန်နှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့ရုံး (UNODC) ၏ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်သည့် ၂၀၂၅ မြန်မာ့ဘိန်းစစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၈၃၂ ဟတ်တာဝန်းကျင် ရှိခဲ့ရာမှ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ဟတ်တာ ၁၀၄၀ ကျော်အထိ မြင့်တက်လာသည်ဟု သိရသည်။







