မြစ်ကြီးနားမြို့တွင်း စည်းကမ်းမဲ့မောင်းနေတဲ့သဲကျောက်ကားတွေကို ကြပ်မတ်ပေးဖို့ တောင်းဆို

မြစ်ကြီးနားမြို့တွင်း စည်းကမ်းမဲ့မောင်းနေတဲ့သဲကျောက်ကားတွေကို ကြပ်မတ်ပေးဖို့ တောင်းဆို

မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့ ကားကြီးတွေစည်းကမ်းမဲ့မောင်းနှင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။

လက်ရှိမှာ စီတာပူ၊ စက်မှုဇုန်၊ မန်ခိန် စတဲ့ ရပ်ကွက်တွေနဲ့ နီးတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ“မြစ်ကြောင်းရှင်းလင်းရေးစီမံကိန်း” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သဲကျောက်တွေ တူးဖော်ပြီး တုံဖုန်းကားတွေနဲ့ နေ့စဉ်သယ်ယူနေကြတာ ဖြစ်ပါတယ်။

မြို့ခံတွေပြောတာက ဒီသဲကျောက်တင်တဲ့ကားတွေဟာ အမိုးနဲ့ဖုံးအုပ်ထားခြင်းလည်းမရှိတဲ့အတွက် သဲကျောက်ကားဖြတ်မောင်းလာတဲ့လမ်းတစ်လျှောက် ရေ၊ဖုံ၊သဲများလွှင့်စင်နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ သွားလာဖို့ခက်ခဲတာ ယာဉ်လမ်းကြောင်းပိတ်ဆို့တာတွေလည်းကြုံနေရတယ်လို့ သိရပါတယ်။

“ကားတွေက အကြီးကြီးတွေ ဖြစ်တယ် ဖုန်မှုန့်ကလည်း များတယ်။ ကျောက်ခဲတွေ လွှင့်စင်လာတော့ ကလေးတွေ ကျောင်းပို့ကျောင်းကြိုအချိန်ဆို ပိုပြီး စိုးရိမ်ရတယ်။ အချိန်သတ်မှတ်ပြီး လုပ်ပေးရင် ကောင်းမယ်လို့ ထင်တယ်” လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးပြောပါတယ်။

သဲကျောက်ကားတွေက တစ်နေ့ကို ပျမ်းမျှ အစီးတစ်ရာကျော် ရှိတယ်လို့ သိရပြီး လမ်းတစ်လျှောက် ကားကြီးတွေ ပြည့်နေတဲ့အတွက် သာမန်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေ သွားလာရတာ ပိုခက်ခဲလာနေတယ်လို့ သူက ဆက်ပြောပါတယ်

တစ်ဖက်မှာလည်း ကားမောင်းသူတွေကို တစ်ခေါက်ကိုတစ်သောင်းနှုန်းပေးနေတာကြောင့် အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတဲ့အတွက် လမ်းပိတ်ဆို့တာ၊ ကျောက်စတွေ လွှင့်စင်တာတွေကြုံနေရတယ်လို့ မြို့ခံတွေပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ လမ်းဘေးစားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေမှာ ဖုန်မှုန့်တွေ ထူထပ်နေပြီး စီးပွားရေးလည်း ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ကားကြီးတွေ မောင်းနေတဲ့ လမ်းတွေကို စည်ပင်ကရေဖြန်းပေးရမယ်။ ဒါ သူတို့တာဝန်ပဲ။ အခု စီတာပူဘက်မှာ ဖုန်တွေ အရမ်းများနေတာက တာဝန်ရှိသူတွေ အလုပ်မသေချာလုပ်လို့ဖြစ်တာ” လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ထိရောက်တဲ့အရေးယူခြင်းမရှိပဲ အခြေနေပိုဆိုးလာနေတယ်လို့လည်း ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ သဲကျောက်သယ်ယူမှုတွေက ၂၀၂၆ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီအောက် ကချင်ပြည်နယ်အစိုးရက ရေကြီးရေလျှံမှု ကာကွယ်ဖို့ဆိုပြီး ဗလမင်းထင်တံတားအောက်က သဲကျောက်တွေ စတင်တူးဖော်ရာကနေ ဖြစ်လာတာလို့ သိရပါတယ်။

ခုလိုသဲကျောက်ကားတွေကြောင့် ၂၀၂၀ ဝန်းကျင်က ပြုပြင်ထားတာကြောင့်  မြို့တွင်းလမ်းတွေပျက်စီးမှု မများသေးပေမယ့် မြို့ပတ်လမ်းနဲ့ မြို့ပြင်လမ်းတွေမှာတော့ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တာ မရှိသေးဘူးလို့ သိရပါတယ်။

သဲကျောက်သယ်ရာမှာ သာမန်တုံဖုန်းကားတွေအပြင် ဖားကန့်ဘက်မှာ အသုံးပြုတဲ့ ဝိတ်ကြီးတုံဖုန်းကားတွေကိုပါ အသုံးပြုနေပြီး ဝန်ပိုသယ်ယူတာကြောင့် လမ်းတွေ ပိုပျက်စီးလာနေတယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးပဲ တူးဖော်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးက ခြံအလွတ်တစ်နေရာနဲ့ စီတာပူဂျပန်တံတားနား မြေအလွတ်တွေမှာ စုပုံထားပြီး ခြံဝင်းခတ်ကာ ရွှေကျင်လုပ်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဗလမင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို မနှစ်ကစတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ “ရေကြီးကာကွယ်ရေး” ခေါင်းစဉ်နဲ့ ပိုပြီး ပေါ်ပေါ်တင်တင် လုပ်လာကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ သဲသောင်တွေကို တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်လာကာ မြို့ရေကြီးမှုကနေ ကာကွယ်နိုင်မယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခင်အစိုးရခေတ်တွေမှာ ဗလမင်းထင်တံတားအနီးနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုတွေကို တားမြစ်ထားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစပြီး တူးဖော်မှုတွေ ပိုများလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၅ မိုးရာသီတုန်းကတော့ မြစ်ရေကြီးမှုကြောင့် ခဏရပ်နားခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ အရှိန်မြင့် ပြန်လည်တူးဖော်နေကြတယ်လို့ သိရပါတယ်။

Most read this week

February 25, 2026
လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့...
By – ဂျာဘောက်ရာ
February 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က...
February 23, 2026
နော်ထွယ့်(ဟူးကောင့်) — စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ...
February 21, 2026
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့...