စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရခိုင်ပြည်က ကလေးသူငယ်များမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ကြုံတွေ့နေရသဖြင့် ကုစားပေးမှုများ လုပ်ရန် လိုအပ်နေကြောင်း ကလေးသူငယ်အရေး ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများထံက သိရသည်။
လက်ရှိ ရခိုင်ပြည်တွင် တိုက်ပွဲများအတွင်း နေအိမ်များဆုံးရှုံးကာ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်သွားခြင်း၊ ပြောင်းရွှေ့နေထိုင်ကြရခြင်း၊ မိသားစုဝင်များ ဆုံးရှုံးခြင်းနှင့် စစ်ကောင်စီ၏ ကြောက်မက်ဖွယ် လေကြောင်းအန္တရာယ်များကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသဖြင့် စိတ်ထိခိုက်မှုများ ပိုမိုမြင့် တက်နေခြင်းဖြစ်သည်။
“ ကလေးတွေကို ပန်းချီဆွဲဖို့ လုပ်ခိုင်းဖြစ်တယ်။ အခုလောလောဆယ် စိတ်ထဲမှာ ဘာခံစားနေရလဲပေါ့။ ဒါလေးတွေကို ပုံဖော်ပြ၊ ဆွဲလို့ရတယ်လို့ ပြောတော့ ကလေးတိုင်းနီးပါး ပုံထဲမှာ လေယာဉ်ပုံပါတယ်။ လေယာဉ်ကို ပုံစံတွေအမျိုးမျိုးနဲ့ ဆွဲကြတယ်။ တချို့ကလေးတွေဆိုရင် လေယာဉ်ကို ငါးမန်းပုံစံ ဖန်တီးပြီးတော့ ဆွဲကြတယ်။ လေယာဉ်က လူသားစားတယ်ပေါ့ ” ဟု ပုဏ္ဏားကျွန်းအခြေစိုက် လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ခံ ကိုပြည့်ဖြိုးက DMG ကို ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်၌ စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်စသည့် အရပ်သားနေထိုင်ရာ နေရာများကိုပါ လေကြောင်း တိုက်ခိုက်နေသည့်အတွက် လုံခြုံမှုမရှိ ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တိုးလာနေခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းကြောင့် စာသင်နေရသည့် ကလေးငယ်များမှာလည်း လေယာဉ်သံကြားရသည့်အခါ စာသင်ခန်းထဲမှ ချက်ချင်းထွက်ပြေးရပြီး ဗုံးကျင်းများသို့ မကြာခဏ ပုန်းရှောင်နေရသည့်အခြေအနေများ ရှိနေကြောင်း သိရသည်။
“ လေယာဉ်လာရင် အကုန်လုံးက ကြောက်ကြတယ်။ ဗုံးကျင်းထဲကို ပြေးသူပြေး၊ ကိုယ့်အိမ်ကို ပြေးသူပြေးကြတယ်။ ဆရာတွေကတော့ မထွက်ပြေးကြနဲ့ ဝပ်နေကြလို့ ပြောတယ်။ ဒါပေမဲ့ ကျမတို့ စိတ်လှုပ်ရှားကြတဲ့အတွက် အိမ်ကိုပြေးသူပြေး၊ ဗုံးကျင်းကို ပြေးသူပြေးကြတယ်။ တအားကြောက်တယ်” ဟု ပုဏ္ဏားကျွန်းမြို့ နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ၁၂ နှစ်အရွယ် မသူဇာလှိုင်က ဆိုသည်။
“ ဟိုနားမှာ ဗုံးချ မလား၊ ဒီနားမှာ ဗုံးချမလားဆိုပြီး တအားကြောက်တယ်။ လေယာဉ်ကို အရင်ကဆို လက်လှမ်းပြကြတယ်။ အခုဆိုရင် လေယာဉ်ကို လှည့်တောင်မကြည့်ရဲဘူး။ ဗုံးတွင်းကို ခုန်ဆင်းပြေးရတယ် ” ဟု မသူဇာလှိုင်က ဆက်ပြောသည်။
ထိုကဲ့သို့ လေကြောင်းအန္တရာယ်စိုးရိမ်၍ မကြာခဏပုန်းရှောင်နေရခြင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားရသဖြင့် ကျောင်းသင်ခန်းစာများ ပြတ်တောက်သွားခြင်း၊ စာသင်ခန်းအတွင်း၌ အာရုံစူးစိုက်မှု လျော့နည်းလာကာ ကလေးငယ်များမှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရခြင်းဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကြားရေးတွင် အနှောင့်အယှက်များဖြစ်နေပြီး ကလေးများမှာလည်း စိတ်မလုံခြုံမှုများစွာနှင့် ပညာသင်ကြားနေရက အမြဲတမ်း ကြောက်ရွံ့နေရသည့် ပုံစံ ဖြစ်လာနေကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူတို့က ပြောကြသည်။
“ လေယာဉ်လာရင် ကလေးတွေက ကြောက်ကြတယ်။ အဆင်မပြေဘူး။ ကျောင်းပိတ်ရတာတွေလည်း ရှိတယ်။ မိဘတွေကလည်း ကျောင်းကို မပို့ရဲကြဘူး။ စာသင်ရတာလည်း အဆင်မပြေဘူး။ အချိန်တိုင်း နားစွင့်နေရတယ်။ လေယာဉ်လာပြီဆိုရင် ကလေးတွေ ဟိုကိုပြေး၊ ဒီကိုပြေး ပြေးကြရတယ်။ အဲလိုဆိုရင် စိတ်မကောင်းလည်း ဖြစ်မိတယ် ” ဟု ကျောင်းဆရာမ မလတ်လတ်က ပြောသည်။
ထိုအခြေအနေများကြောင့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ကလေးငယ်များအတွက် စိတ်အပန်းဖြေစရာ တစ်ခုဖြစ်လာစေရန် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ကုစားပေးနိုင်ရန် ရွေ့လျားစာကြည့်တိုက် အစီအစဉ်များကို ပြုလုပ်ပေးနေကြောင်း သိရသည်။
ယင်းအပြင် ကလေးများကို စိတ်ဒဏ်ရာမဖြစ်စေရေး နှစ်သိမ့်စကားပြောပေးကာ ဂရုတစိုက် ဆက်ဆံပေးရန် အချိန်ရောက်နေပြီဟုလည်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြနေကြသည်။
ယခင်နှစ်များတွင် အရပ်ဘက်အဖွဲ့အစည်းများသည် ကလေးငယ်များ စိတ်အပန်းဖြေ ဗဟုသုတရရှိစေရန် စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းများနှင့် ကျေးရွာများတွင် ရွေ့လျားစာကြည့်တိုက်များ ပြုလုပ်ကာ ကလေးများ၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကုစားပေးမှုတစ်ချို့ကိုလည်း လုပ်ဆောင်ပေးခဲ့ကြသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ နှစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုတို့ကြောင့် အရပ်သား ၁,၁၅၂ ဦး သေဆုံးပြီး ၂,၁၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။







