စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကျောက်တော်နှင့် မြောက်ဦးဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကျောက်တော်နှင့် မြောက်ဦးဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

အာရက္ခတပ်တော် ထိန်းချုပ်ဒေသများဖြစ်သည့် ကျောက်တော်နှင့် မြောက်ဦးမြို့များကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ အများအပြားထိခိုက်သေဆုံးခဲ့သည့်အတွက် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်မှုများမြင့်တက်လာနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂တွင်  ညဉ့်အချိန်၌ ကျောက်တော်နှင့် မြောက်ဦး မြို့များကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင်လူ ၇ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ သည့်အပြင် နေအိမ်များလည်း ပျက်စီးသွားခဲ့သည်။

ယင်းသို့ စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ သည့်အတွက် ဒေသခံပြည်သူများမှာ စိတ်မလုံခြုံမှုများစွာနှင့် နေထိုင်နေရကြောင်း ပြောဆိုကြသည်။

“ စိုးရိမ်မှုတွေကတော့ အများကြီးရှိတယ်။ အချိန်တိုင်းလိုလို သတိကပ်ပြီးနေနေရတယ်။ သူတို့က ဘယ်အချိန် လာချမှန်းမသိဘူးလေ။ ကိုယ်ဘယ်အချိန် ဘယ်နေရာမှာသေရမလဲ ကြောက်နေရတဲ့ဘဝဖြစ်နေပြီ။ လုံးဝ မလုံခြုံဘူး။ ဗုံးတခါလာကြဲလို့ ကိုယ်လွတ်သွားတယ်ဆိုရင် နောက်လာချတဲ့အခါ ကိုယ်လွတ်နိုင်ဦးမလား ဆိုပြီး စိုးရိမ်တုန်လှုပ်နေရတယ် ” ဟု ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်တော်မြို့အတွင်း ဒေသခံများမှာ ဘေးကင်းရာနေရာများသို့ ယာယီပြောင်းရွေ့ နေထိုင် နေရသည့်အတွက် ပြည်သူများ၏ နေ့စဉ်ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ထိခိုက်မှုများ ရှိလာနေကြောင်း သိရသည်။

ဒေသခံများသည် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း စိတ်မလုံခြုံမှုများစွာနှင့်နေထိုင်ရသည့်အပြင် စစ်ကောင်စီအပေါ် ကြောက်ရွံ့စိတ်၊မုန်းစိတ်များစွာနှင့်လည်း နေထိုင်နေကြကြောင်း‌ ပြောကြသည်။

“ စိတ်မလုံခြုံမှုကတော့ အမြဲတမ်းပဲ။ ဘယ်နေ့မှာ ဘယ်နေရာကို လာပြီးဗုံးကြဲမလဲဆိုတာကို စိုးရိမ်နေရသလို လုံခြုံတဲ့နေရာကိုလည်း အမြဲရှာနေရတယ်။ ပြည်သူတွေကလည်း စစ်ကောင်စီအပေါ် အမုန်းတရာတွေ ပိုတိုး လာသလို ကြောက်စိတ်တပိုင်း၊ မုန်းစိတ်တပိုင်းနဲ့ နေကြတဲ့လူတွေများတယ်။သတိနဲ့ နေသူတွေလည်း ရှိလာ သလို စွန့်ပြီးသွားလာနေကြသူတွေလည်း ရှိကြတယ် ” ဟု ကျောက်တော်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

မြောက်ဦးမြို့တွင်လည်း စစ်ကောင်စီဗုံးကြဲခဲ့သည့်အတွက် ဒေသခံများမှာ ညဉ့်အချိန်၌လည်း အိပ်မပျော် ဖြစ်နေကြသည့်အပြင် နောက်ထပ်လေကြောင်းတိုက်ခိုက်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်သူများအကြောက်တရားလွှမ်းမိုးလာအောင် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ် နေသည့်အတွက် ဒေသခံရခိုင်ပြည်သူများ သေဆုံးဒဏ်ရာရမှုများ တိုးလာနေသည်။  

“ စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတ ခါလုပ်ပြီးတိုင်း AA ကိုအကြောင်းပြချက်ပေးပြီး ပြည်သူ တွေကို သတ်နေတာ။ ကျမတို့မှာလည်း လေကြောင်းရန်ကာကွယ်ဖို့နည်းလမ်းတွေမရှိဘူး။ လမ်းသွားမှာ တောင် ဂျက်လာမလားဆိုပြီး စိုးရိမ်စိတ်နဲ့ နေရတယ်။ စစ်ကောင်စီ က မြို့ရပ်ရွာတွေ၊ ပြည်သူတွေ စုဝေးတဲ့ နေရာတွေကို အဓိက ပစ်မှတ်လုပ်နေတာတော့ စိုးရိမ်စိတ်က အတိုင်းထက် အလွန်မြင့်ပါတယ် ” ဟု မြောက်ဦး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများသည် လုံခြုံရေးအတွက်ကြောင့်ကြစိုးရိန်စိတ်များနှင့် ဘေးလွတ်ရာနေရာများကို ထွက်ပြေး တိမ်းရှောင်ချင်ကြသော်လည်း စားဝတ်နေရေးအတွက်ရုန်းကန်နေကြရသည့်အတွက် အသက်စွန့်ကာ နေထိုင် နေကြရကြောင်း သိရသည်။

ရခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်နေသည့်အတွက် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများမှာလည်း စိတ်ပိုင်း၊ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများရှိနေကြသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...