တိုက်ပွဲရေချိန်မြင့်နိုင်၍ ပြည်သူများ လုံခြုံရေးသတိထားကြရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ အသိပေး

တိုက်ပွဲရေချိန်မြင့်နိုင်၍ ပြည်သူများ လုံခြုံရေးသတိထားကြရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ အသိပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏နယ်မြေထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် လုံခြုံရေး၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်၊ သတိထားကြရန် ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က လူထုထံအသိပေးပြောဆိုသည်။

ပြီးခဲ့သည့်အပတ်ကတည်းက ကရင်ပြည်နယ်အတွင်း စစ်အုပ်စုအင်အားအလုံးအရင်းလိုက် တက်လာပြီးနောက် ဒူးပလာယာခရိုင် ကေအဲန်ယူအုပ်ချုပ်နယ်မြေတွင် စစ်ရေးနယ်မြေပိုမိုကျယ်ပြန့်လာမည့်အပေါ် လူထုစိုးရိမ်မှုမြင့်တက်နေသည်။ 

ခရိုင်၏ ကေအဲန်ယူတာဝန်ရှိသူဘက်ကလည်း ဖြစ်လာနိုင်သည့်စစ်ရေးအခြေအနေအပေါ် ဘေးကင်းလုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် အသိပေးသည်။

“စစ်အုပ်စုကတော့ မရမနေလုပ်မှာပဲ။ ဒေသထဲမှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာဖို့မြင်နေရတယ်။ ပြည်သူလူထုအနေနဲ့ သတိဝီရိယနဲ့နိုင်ငံရေးသတိ၊ စစ်ရေးသတိ နေထိုင်သွားလာမှုတွေ အစစအရာရာပေါ့၊ သတင်းတွေသေချာနားစွင့်ဖို့လိုတယ်” ဟု ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က ကေအိုင်စီနှင့်သီးသန့်အင်တာဗျူးတွင် ပြောသည်။

အထူးသဖြင့် စစ်ရေးနယ်မြေတဝိုက်နေထိုင်သူများမှာ အတွေ့အကြုံရှိသူထံမှ ဘေးကင်းစွာနေထိုင်နိုင်ရေး သင်ခန်းစာယူရမည်ဖြစ်ပြီး တိုက်ပွဲဖြစ်လျှင် တိမ်းရှောင်ရမည့်နေရာကြိုတင်ပြင်ဆင်ရန်ဟု ဆိုသည်။ ထို့အပြင် တတ်နိုင်သည့်ဘက်မှ တော်လှန်ရေးအင်အားစုများကို ကူညီပေးကြရန်လည်း ပဒိုစောလစ္စတန်က ဖြည့်စွက်ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်တွင် စစ်အုပ်စုက ယခုရက်ပိုင်း နေ့စဥ်ဒရုန်းတိုက်ခိုက်မှုများလုပ်နေသလို မြဝတီဒေသ၊ မြဝတီမြို့တောင်ဘက်တွင် နှစ်ဖက်တိုက်ပွဲများဆက်ရှိနေသည်။ ဖေဖော်ဝါရီဒုတိယအပတ်ကစပြီး တိုက်ပွဲပိုမိုပြင်းထန်လာရာ စစ်အုပ်စုကလေကြောင်းပစ်ကူဖြင့် ယမန်နေ့အထိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု ဒေသခံများကပြောသည်။

ဝေါလေဒေသခံအမျိုးသားတစ်ဦးက “ဝေါလေဗျူဟာကုန်းဆိုရင် ဒီနေ့တစ်နေကုန်ပဲလေယာဉ်လာကြဲတာ။ ဒေသခံတချို့တော့ကမ်းနားမှာနေတယ်။ တချို့ကအခြေအနေစောင့်ကြည့်ပြီး ဟိုဘက်ကမ်းကူးတယ်။ အိမ်မွေးတိရစ္ဆာန်တွေကိုစိတ်ပူလို့နေတဲ့ တချို့တော့ရွာတွေမှာရှိသေးတယ်။ များသောအားဖြင့်တော့ ဗုံးခိုကျင်းပဲအားကိုးရတယ်။ လေယာဥ်လာချတာကြမ်းရင် အဲ့ဒီကျင်းတွေလည်းဘယ်ခံနိုင်မလဲ” ဟု ၎င်းက ဖေဖော်ဝါရီ(၁၀)ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီနှင့်ကော့ကရိတ်မြို့သည် ထိုင်းနှင့်မြန်မာနယ်စပ်ရှိ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးနှင့်ကုန်သွယ်စီးပွားရေး အချက်အချာကျသည့်မြို့များဖြစ်သည်။

ထို့ကြောင့် ကုန်သွယ်လမ်းမကြီးအသာစီးရရေး၊ နယ်စပ်ဂိတ်ပေါက်မြဝတီမြို့ကို အခိုင်အမာထိန်းချုပ်နိုင်ရေး၊ ဝင်ငွေနှင့်ထောက်ပို့လမ်းကြောင်းဖြတ်တောက်၊ ရယူနိုင်ရေး စသည့်အကြောင်းအရင်းများစွာဖြင့် အာဏာသိမ်းကာလတစ်လျှောက်လုံး စစ်အုပ်စုမဟာမိတ်တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များ အားပြိုင်လျက်ရှိသည်။

July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...
July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...