ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာ ၁၁ ရွာထက်မနည်း မီးရှို့ခံထားရ

ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာ ၁၁ ရွာထက်မနည်း မီးရှို့ခံထားရ

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက် မနည်းတွင် နေအိမ်ပေါင်း ရာနှင့်ချီမှာ မီးရှို့ခံထားရ၍ ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ကျောက်ဖြူမြို့နယ်တွင် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ခံရမှုများကို မကြာခဏ ကြုံနေရပြီး နေအိမ်ဆုံးရှုံးမှုများနှင့် အရပ်သား ထွက်ပြေးတိမ်းရှောင်မှုများလည်း နေ့စဉ်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ ကျောက်ဖြူမှာ ကျေးရွာ ၁၁ ရွာထက်မနည်း လုံးဝ မီးလောင် ပျက်စီးသွားတာ ရှိတယ်။ အဓိကတော့ လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ အခါတွေမှာ တချို့ရွာတွေကို မီးရှို့ခဲ့တာတွေ ကြောင့် ဖြစ်တယ်” ဟု စစ်ပွဲများကို စောင့်ကြည့်နေသူ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူ တိုက်ပွဲစတင်သည့် အချိန်မှ စ၍ ဦးကင်း၊ ကြိတ္တိန်၊ ရှောက်ချောင်း၊ ကြံချိုင်၊ ကပ်သပြေ၊ ထောင့်ချောင်း၊ ပြင်ရှည်၊ ကုလဘာ၊ မလကျွန်း၊ လိပ်ခမော်၊ စိုင်ခြုံဒွိန် စသည့် ကျေးရွာ ၁၁ ရွာထက်မနည်း အိမ်ခြေ ၇၀၀ ကျော် ထက်မနည်း မီးလောင် ပျက်စီးသွားပြီဖြစ်ကြောင်း DMG ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံဒွိန်ကျေးရွာအုပ်စုမှ တောင်ရင်း၊ တောင်ငူ၊ မင်းရပ်ကုန်းနှင့် သရက်ပင်အောက်ကျေးရွာများတွင် မီးလောင်မှုများ ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်ကလည်း ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ် ၁၈၀ မီးလောင် ဆုံးရှုံးခဲ့သည်။

ယင်းအပြင် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်မှ ၁၂ ရက်အတွင်း ကျောက်ဖြူမြို့နယ် ကြတ္တိန်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် နေအိမ် ၄၅ လုံး မီးလောင် ဆုံးရှုံးခဲ့ရသည်။

ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများနှင့် မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာကျေးရွာများ၊ နေအိမ် အိုးအိမ်များ မီးရှို့ဖျက်ဆီးနေခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

“ လတ်တလော ကျောက်ဖြူဖက်မှာ တိုက်ပွဲတွေက အပြင်းအထန် အားသုံးပြီး တိုက်ခိုက်နေတာ တွေ့ရတယ်။ အဲဒီ တိုက်ပွဲတွေကြားမှာ နေအိမ်တွေကို တမင် မီးရှို့တာ၊ ဖျက်ဆီးခံနေရတာကို ကျနော်တို့ဖက်က ကြည့်မယ်ဆိုရင် အပြစ်မရှိတဲ့ အရပ်သားနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာလို့ မြင်တယ် ” ဟု ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် အရပ်သား ထွက် ပြေးတိမ်းရှောင်မှု၊ နေအိမ်မီးလောင်မှု၊ အရပ်သားသေဆုံးမှုများ မြင့်တက်လျှက်ရှိသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တို့ဖြင့် AA ၏ ထိုးစစ်များကို ခုခံနေသည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးရှောင် ၆၀,၀၀၀ ကျော် ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံက သိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...
February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...
February 27, 2026
စစ်တွေမြို့နယ်၊ ဝါဘိုနှင့် တောကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ...
February 26, 2026
ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊...