အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ

အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို စစ်တပ်ပိတ်ထားတဲ့အတွက် ကျေးရွာတစ်ချို့ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး လုံးတုံ၊ ဟဲပု၊ ဟဲပါးဘက်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်နှင့် KIA ပူးပေါင်းတပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းအတွင်း အရေးပါတဲ့လမ်းပိုင်းကို ပိတ်ထားခြင်းဖြစ်တယ်လို့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“လမ်းကို ဒီဘက် စစ်ကောင်စီနဲ့ ရှမ်းနီဘက်က ပိတ်ထားတယ်ဗျ။ လုံးတုံကနေ နန့်မွန်းတောင်ဂိတ်အကြားကို ပိတ်ထားတာပါ။ လုံးတုံကနေ ဖားကန့်ဘက်ကို အထွက်မရသလို ဖားကန့်ကနေ လုံးတုံထဲကိုလည်း ဝင်မရဘူး။ ပြီးတော့ ဟိုပင်ဘက်ကနေလာရင်လည်း နန့်မွန်းတောင်ဂိတ်မှာ အဝင်အထွက် ပိတ်ထားတယ်။ ပိတ်ထားတာ တစ်ပတ်လောက်တော့ ပြည့်တော့မယ်”လို့ ပြောပါတယ်။

ခုလိုလမ်းပိတ်ထားတဲ့အတွက် လက်ရှိ မိုင်းနောင်၊ မမုံကိုင်၊ နန့်မွန်း၊ လုံးတုံ စတဲ့ ကျေးရွာနေ ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်သို့ တိမ်းရှောင်နိုင်ခြင်းမရှိပဲ ကျေးရွာအတွင်းတောတောင်တွေမှာ ယာယီတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

“ကြားထဲက ရွာတွေကတော့ အထွက်လည်းမရ၊ အဝင်လည်းမရလို့ အခက်အခဲကြီးတယ်။ လမ်းပိတ်ထားတော့ လုံးတုံဘက်က လူတွေကတော့ ရှောင်တဲ့သူ ရှောင်ကြတယ်။ လက်နက်ကြီးတွေ ဟိုဘက်ဒီဘက် ပစ်နေတော့ ရွာထဲမှာပဲ နေတဲ့သူတွေလည်း ရှိတယ်”လို့ အထက်ဖော်ပြပါ နန့်မွန်းမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာ နောက်ထပ် နန့်မွန်းတောင်နဲ့လုံးတုံအကြားကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ပိတ်ထားတဲ့အတွက် လက်ရှိ နန့်မွန်းတောင်နဲ့လုံးတုံအကြားရှိ ကျေးရွာတွေပိတ်မိနေတယ်လို့ဒေသခံများက ဆိုပါတယ်။

“ကားလည်း သွားလို့မရဘူး၊ ဆိုင်ကယ်လည်း မရဘူး။ အရေးကြီးတဲ့လူလောက်ပဲ ဒါတောင် မနည်းပြောယူပြီး သွားရတယ်။ ဆိုင်ကယ်နဲ့လည်း မလွယ်ပါဘူး၊ သွားလာဖို့ ခက်တယ်။ ကြားထဲက ရွာတွေကတော့ ပိုပြီးခက်တယ်၊ ထွက်လို့မရဘူး”လို့  အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလော အင်းတော်ကြီးရဲ့ တစ်ဖက်ကမ်းရှိ ဟဲပုကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လုံးတုံမှာတော့ နှစ်ဖက်တပ်အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

လုံးတုံအထိုင်တပ်ဟာ အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီတပ်ရဲ့အကြီးဆုံး အထိုင်တပ်တစ်ခုဖြစ်ပြီး နန့်မွန်းအထိုင်တပ်မှာ ဒုတိယအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။

လုံးတုံမှ နန့်မွန်းအထိ မိုင်းနောင်၊ မမုံကိုင်၊ ရွှေလက်ပံ စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး လုံးတုံအကျော်ရှိ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်နှင့် အင်းတော်ကြီးကန် တစ်ဖက်ခြမ်းရှိ ဟဲပု၊ ဟဲပါး၊ ဝေလုံ၊ ချောင်းဝဘက်တို့ကို KIA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားကြောင်း သိရပါတယ်။

အင်းတော်ကြီးဒေသမှာ မြင်တွေ့ရတဲ့ ကျေးရွာတစ်ခု Photo - Crd

၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...
March 19, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက်...