ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ရက်လျှင် မီးပြတ်ချိန် ၁၂ နာရီနဲ့ မီးလာချိန် ၈ နာရီဆိုပြီး သတ်မှတ်ပေးထားပေမယ့် ဒီနှစ်မှာတော့ တစ်ရက် မီးပြတ်ချိန် နာရီ ၂၀ နဲ့ မီးလာချိန် ၈နာရီဆိုပြီးသတ်မှတ်ပေးထားတယ်လို့ မြစ်ကြီးနား မြို့နေပြည်သူတွေက ပြောပါတယ်။
ဒါပေမယ့် မီးပြတ်ချိန် နာရီ ၂၀ မှန်ပေပြီး မီးလာချိန်က ပုံမှန်မရတဲ့အပြင် တစ်ခါတစ်ရံ သုံး၊လေးရက် မီးပြတ်တာမျိုးတွေလည်း ကြုံတွေ့ရပြီးတစ်ခါတစ်ရံ လျှပ်စစ်မီးလာတဲ့အချိန်ဟာ ညသန်းခေါင်ယံဖြစ်နေတဲ့အတွက် အဆင်မပြေမှုတွေလည်း ကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။
“လူအိပ်ချိန်ဘဲ မီးလာတော့ဘာလုပ်ရမလဲ။ ကျွန်တော်တို့ အလုပ်လုပ်တဲ့သူတွေက မီးစက်တွေနိုးပြီးမှဘဲ ပြန်လုပ်ရတယ်။ ဝင်ငွေကောင်းတဲ့သူတွေက VIP လိုင်းဆိုပြီးယူလိုက်တော့ အဲအိမ်တွေက မီးဘယ်တော့မှ မသေဘူး။ မရှိတဲ့သူတွေက မီးတောင်မသုံးနိုင်ဘူး ဖြစ်သွားပြီ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းကနေပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ချီဖွေရေအားလျှပ်စစ်၊ မလိခ ရေအားလျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလှိုင်း( National Grid ) စတဲ့ နေရာသုံးခုကနေ ဖြန့်ဖြူးပေးနေခဲ့တာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၃ ခုနှစ်မှာတော့ မလိခ ရေအားလျှပ်စစ် ချို့ယွင်းမှုတွေ ဖြစ်ပွားခဲ့ပြီး ပြန်လည် ပြုပြင်ရမှာဖြစ်ပေမယ့် နိုင်ငံရေး အခြေအနေတွေကြောင့် လက်ရှိချိန်ထိ မပြုပြင်နိုင်သေးဘဲ ရပ်နားထားခဲ့ရပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ချီဖွေရေအားလျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလှိုင်း နှစ်ခုတည်းကိုသာ အသုံးပြုပြီးလျှပ်စစ်မီးဖြန့်ဖြူးပေးခဲ့ရတဲ့အတွက် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်ပြီးခဲ့တဲ့ ၂၀၂၅ ဇူလှိုင်လမှာတော့ အမျိုးသားဓာတ်အားလှိုင်းကနေလည်း လျှပ်စစ်မှုရရှိမှုဟာ ရပ်တန့်သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ချီဖွေရေအားလျှပ်စစ် တစ်ခုတည်းကနေဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေရတဲ့အပြင် လျှပ်စစ်မီးပေးနိုင်တဲ့ပမာဏထက်လျှပ်စစ်မီးသုံးစွဲတဲ့ လူဦးရေး ပိုမို များပြားလာတာက လျှပ်စစ်မီး ရရှိမှုကို ပိုမို ခက်ခဲလာစေတာ ဖြစ်တယ်လို့ ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူ ဆိုပါတယ်။
ခုလို ဓာတ်အားပေးစက်မလုံလောက်မှု ပြဿနာတွေအပြင် နွေရာသီရေခမ်းချောက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားရရှိမှုဟာ လာမယ့်ကာလတွေမှာ ပိုလျော့နည်းလာနိုင်တယ်လို့ ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“ရှိသမျှရေတွေက ခမ်းလာမှာဘဲ နွေရာသီဆိုရင်။ အဓိက ရေအားလျှပ်စစ်နဲ့ မီးပေးနေတာဖြစ်တဲ့အတွက် ရေလျော့ရင်တော့ မီးအားလည်း နည်းလာမှာဘဲ။ ဒါကြောင့် လာမဲ့အချိန်တွေမှာတော့ လျှပ်စစ်မီးရရှိမှု ပိုပို လျော့နည်း လာမယ့် အခြေအနေဖြစ်နေတယ်”လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း သာမန်လက်လုပ်လက်စားတွေအတွက်ကတော့ မီးစက်နဲ့ ဆိုလာမီးတွေဟာသိန်းဆယ်နဲ့ချီ တန်ဖိုးရှိတာကြောင့် ဝယ်ယူအသုံးပြုနိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေဟာ လျှပ်စစ်မီးနဲ့ wifi အသုံးပြုတာ ၊ အွန်လိုင်းအသုံးပြုပြီး ပညာသင်ယူတာ၊ ထမင်းဟင်းချက်ပြုတ်တာ၊ ဖုန်းနဲ့ လျှပ်စစ်ဆိုင်ကယ်တွေ အားသွင်းတာနဲ့ သောက်ရေ သုံးရေအသုံးပြုဖို့အတွက် ရေမော်တာ တင်တာတွေကို လုပ်နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် လျှပ်စစ်မီးရရှိမှု လျော့နည်း လာတာဟာ လျှပ်စစ်မီးကို အသုံးပြုနေရတဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုခက်ခဲလာစေတာကြောင့် တာဝန်ရှိသူတွေကို သေချာကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။







