စစ်ရေးကြားက ကလေးငယ်များကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားပေးမှုများ ပိုလိုအပ်နေ

စစ်ရေးကြားက ကလေးငယ်များကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားပေးမှုများ ပိုလိုအပ်နေ

စစ်ရေးပဋိပက္ခကြားက ကလေးငယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားပေးမှု၊ လုံခြုံမှုနေရာများ ဖန်တီးပေးခြင်းတို့ ပိုမိုလိုအပ်နေကြောင်း  ရခိုင်လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။ 

လက်ရှိ ရခိုင်တွင် စစ်ဘေးသင့် ကလေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျော့ပါးစေရန်အတွက် အရပ်ဖက်အဖွဲ့အစည်းအချို့က ကုစားပေးမှုများကို လုပ်ဆောင်လာသည်ကို တွေ့နေရသည်။ 

စစ်ဘေးရှောင်စခန်းနှင့် ကျေးရွာအချို့တွင် ကလေးငယ်များအား ပန်းချီရေးဆွဲခြင်း၊ သီချင်းဆိုခြင်း၊ ကစားနည်းမျိုးစုံစသဖြင့် ကုစားမှုများကိုလုပ်ဆောင်ပေးနေကြောင်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ သိရသည်။ 

“ကလေးတွေက ကျောင်းတက်နေရင်လည်း လေယာဉ်နဲ့ ဗုံးလာကြဲမှာကို ကြောက်နေကြတယ်။ ဆိုတော့ စာသင်နေရင်လည်း ဆရာမပြောတဲ့ စကားသံတွေထက် လေယာဉ်သံတွေကို ပိုပြီး အာရုံစိုက်နေကြတော့ သူတို့အတွက် ဗုံးခိုကျင်းတွေကို ကျောင်းနားတွေ၊ အိမ်နားတွေမှာ တူးပေးတယ်။ ပြီးရင် လေယာဉ်တွေ ကြားကထွက် မပြေးဘဲ ဝပ်နေဖို့ကို သင်ပေးပါတယ်” ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ရေးပဋိပက္ခများကြောင့် ကလေးငယ်များမှာ အနိဋ္ဌာရုံမြင်ကွင်းများကို ကိုယ်တိုင် တွေ့မြင်ရခြင်း၊ မိသားစုဝင်များ ဆုံးရှုံးခြင်း၊ ခိုလှုံရာနေ အိမ်များ ပျက်စီးပြီး အိုးမဲ့အိမ်မဲ့ဘဝဖြင့် ဖြတ်သန်းရခြင်း၊ စစ်ကောင်စီ၏ ကြောက်ဖက်ဖွယ် လေကြောင်းအန္တရာယ် စသည်တို့ကို ထိတွေ့နေရမှုက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။ 

ထိုဒဏ်ရာများမှာ အချိန်ကြာမြင့်ခဲ့သော်လည်း ပျောက်ကင်းသွားမှုမရှိဘဲ စိတ်ထဲစွဲထင်ကာ အမြဲတမ်း အရိပ်မဲ့ကြီးအဖြစ် ခြောက်လန့်ခံနေရပြီး နေ့စဉ် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်နေကြရသည်။ 

“လူကြီးတွေ ကိုယ်တိုင်ကလည်း လေယာဉ်သံတွေ၊ လက်နက်ကြီးသံတွေကို ကြောက်နေ ကြတာ။ သူတို့ဆိုရင် ပိုပြီးတော့ ကြောက်ကြတာပေါ့။ အရင်ကဆိုရင် ကလေးတွေက စစ်ဆိုတာကိုတောင် မသိကြဘူး။ အခုဆိုရင် ခရီးသည် လေယာဉ် လာတာကိုတောင် ကြောက်ပြီး ဝင်ပုန်းတာတွေ ရှိလာတယ်။တစ်ခုခုဆိုရင် ပုန်းမဲ့နေရာ ရှာနေပြီ” ကျောက်တော်မြို့နယ်မှ ကလေးမိခင်တစ်ဦးက ပြောသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ကလေးသူငယ်များသည် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အသက် သေဆုံးရမှုများ၊ ခန္ဒာကိုယ်အစိတ်အပိုင်း ဆုံးရှုံးရမှုများလည်း မြင့်တက်လျက်ရှိ‌နေသည်။

DMG မှ ကောက်ယူထားသော စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အထိ ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကလေးငယ် သေဆုံးသူ ၈၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၉ ဦးအထိ ရှိကြောင်း သိရသည်။  

“ကလေးတွေအတွက် စိတ်ဒဏ်ရာ ကုစားပေးတာတွေ၊ ပုံပြင်တွေ ပြောပြီး ဂိမ်းဆော့နေတဲ့ အချိန်မှာတောင် ဆိုင်ကယ် ဖြတ်သွားရင်လည်း ကြောက်လန့်နေကြတဲ့ အခါတွေရှိတော့ ဒီထက်ပိုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ ကလေးတွေကို ဘာလိုအပ်လဲလို့ မေးလိုက်တိုင်း ဘေးကင်းလုံခြုံတဲ့နေရာမှာ မိသားစု စုံစုံလင်လင်နဲ့ ပညာသင်ယူချင်တယ်လို့ဘဲ ဖြေကြတယ်” ဟု ကျောက်တော်လူငယ်များ အစည်းအရုံးမှ တာဝန်ခံက ပြောသည်။  

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ်များတွင် အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ပညာသင်ကြားခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိရန်နှင့် လူမှုအဖွဲ့အစည်းများ ပါဝင်ဆက်ဆံခွင့် ရရှိရန် စသည့် အခွင့်အရေးများရှိသော်လည်း စစ်ရေးဖြစ်ပွားရာဒေသများမှ ကလေးငယ်များမှာ ယင်းဥပဒေပါ အခွင့်အရေးများကို ဆုံးရှုံးနေကြရသည်။

ဓာတ်ပုံ - ရမ်းဗြဲလူငယ်ကွန်ရက်က စစ်ဘေးရှောင်ကလေးများအား စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - RYN 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...