ရခိုင်တွင် ဘိန်းစာရွက်တစ်ပိဿာကို ငွေကျပ် နှစ်သိန်းထိ ဈေးမြင့်တက်

ရခိုင်တွင် ဘိန်းစာရွက်တစ်ပိဿာကို ငွေကျပ် နှစ်သိန်းထိ ဈေးမြင့်တက်

အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်များတွင် ဘိန်းစာရွက်ကို အရည်ကြိုပြီး အာဆီယံ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲသူများလာနေသဖြင့် လက်ရှိ ဘိန်းစာရွက်ဈေးနှုန်းများမှာ တစ်ပိဿာကို ငွေကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်၌ လူကြီး၊ လူငယ်မကျန် အာဆီယံကို  စိတ်ထွက်ပေါက်တစ်ခုအဖြစ် သုံးစွဲနေခြင်းဖြစ် ကြောင်း ပြောဆိုကြသည်။

“ ဘိန်းစာရွက်က တစ်ပိဿာကို တချို့နေရာမှာ တစ်သိန်းခွဲ၊ တချို့နေရာမှာ နှစ်သိန်းအထိ ပေါက်ဈေးဖြစ်နေတယ်။ တစ်ဆယ်ကျပ်သားကို တစ်သောင်းခွဲကနေ ၂ သောင်းထိ ဝယ်သောက်ရပါတယ်။ အခုနောက်ပိုင်း အပင်တွေကို ULA/AA က လိုက်လံဖမ်းဆီး ခုတ်လှဲနေတာကြောင့် ဈေးတက်လာတာ ဖြစ်တယ် ” ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဘိန်းစာရွက်အပင်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်စသည့် မြို့နယ်များတွင် အများအားဖြင့် စိုက်ပျိုးကြပြီး ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သုံးစွဲမှုများနေကြောင်း သိရသည်။

ယင်းအပြင် အာရက္ခတပ်တော်ထိန်းချုပ် ဒေသက စားသောက်ဆိုင်၊ အရက်ဆိုင်များတွင်လည်း အရက်နည်းတူ အာဆီယံအရည်များကို ဈေးကွက်တင်ရောင်းချနေသဖြင့် သောက်သုံးသူလည်း များနေသည်။

ထို့အတူ အလှူအဒါန်းပွဲ ချက်ပြုတ်ရေးအဖွဲ့များတွင်လည်း သုံးစွဲနေကြောင်း ပြောကြသည်။ 

ယင်းကြောင့် လက်ရှိတွင် ULA အဖွဲ့က DLEPS တပ်ဖွဲ့ဝင်များ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ဘိန်းစားရွက် အပင်များကို ခုတ်ထွင် ရှင်းလင်းရေး လုပ်နေကြောင်း သိရသည်။

“ ကျောက်တော်မြို့နယ် ပိန္နဲချောင်းကမ်းခြေ တစ်ကြောက ရွာတွေမှာ ဘိန်းစာရွက်ပင်တွေကို ခုတ်ပြီး မီးရှို့ကြတယ်။ အပင်ငုတ်ကိုလည်း ထပ်မံမရှင်သန်နိုင်အောင် ပေါင်းသတ်ဆေးတွေ ထည့်ကာ ရှင်းလင်းခဲ့ကြတယ်။ တခြားသော ကျေးရွာတွေကိုလည်း ထပ်မံရှင်းလင်းမယ် ပြောတယ်။ ပြီးရင် အသိပညာပေး ဟောပြောပွဲတွေလည်း လုပ်ခဲ့ကြတယ်။ ထပ်မံပြီး စိုက်ရင် ထိရောက်စွာ အရေးယူမယ်လို့ ပြောတယ်” ဟု ကျောက်တော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဘိန်းစာရွက်ပင်များကို မြန်မာနိုင်ငံတွင် မူးယစ်ဆေးအုပ်စုဝင် အဖြစ်သတ်မှတ်ကာ သုံးစွဲခွင့်တားမြစ်ထားပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် တရားဝင်ဝယ်ယူသုံးစွဲခွင့်ပြုထားခြင်းဖြစ်သည်။

“ လူငယ်တွေက ကျောင်းမတက်ရတော့ အရက်အပါအဝင် မူးယစ်ဆေးဝါးများကို အလွန်သောက်သုံးလာတာကို တွေ့တယ်။ အခုဆို အာဆီယံကို အများအပြား သောက်သုံးလာကြတယ်။ သုံးစွဲမှုများလာရင် လူငယ်တွေက လမ်းမှား ရောက်ကြတယ်။ အခုလို (ULA/AA)က ရှင်းလင်းနေတာဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ် ” ဟု ကျောက်တော်မြို့နယ်မှ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ဘိန်းစာရွက် အာဆီယံအရည်ကို မူးယစ်ဆေးအဖြစ် ရေရှည်သုံးစွဲပါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအဖြစ် အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ ကင်ဆာဖြစ်စေခြင်း စသည့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ရေးကာလတွင် ရခိုင်က လူငယ်များမှာ အလုပ်အကိုင်၊ ပညာရေး စသည့် အနာဂတ်‌ မျှော်လင့်ချက်များ ပျောက်ဆုံးနေပြီး မူးယစ်ဆေးဝါးကို စိတ်ထွက်ပေါက်တစ်ခုအဖြစ် သုံးစွဲလာကြခြင်းဟု ပြောဆိုကြသည်။

ထို့အတူ ဒေသတွင်းလူငယ်များမှာ (weed) ဆေးခြောက်များလည်း ယခုနှစ်များတွင် သုံးစွဲသူများလာနေကြကြောင်း သိရသည်။ 

ဓာတ်ပုံ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အာဆီယမ် (ခေါ်) ဘိန်းစာရွက်ပင်များကို အာရက္ခတပ်တော်က ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - APM 

Most read this week

January 23, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ဒေသရှိ ကလေးသူငယ်များမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ယခု...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
January 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ...
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...
January 20, 2026
အမ်း-ပဒါန်းကားပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကောင်စီနှင့်...