လိပ်သိုတွင် မိသားစုလိုက်ဖမ်းဆီးခံရမှု တစ်လကျော်ကြာအထိ ပြန်မလွတ်သေး

လိပ်သိုတွင် မိသားစုလိုက်ဖမ်းဆီးခံရမှု တစ်လကျော်ကြာအထိ ပြန်မလွတ်သေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင် စစ်အုပ်စုက ကလေးငယ်များပါဝင်သည့် မိသားစုတစ်စုကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တစ်လကျော်ကြာအထိ ပြန်လွတ်မလာသေးကြောင်း သိရသည်။

ရွာခံများထံစုံစမ်းချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာဒုတိယအပတ်က အင်အား(၅၀)ဝန်းကျင်ပါဝင်သည့် စစ်အုပ်စုတပ်ဖွဲ့မှာ မစကျေးရွာနေအိမ်တစ်အိမ်သို့ဝင်ရောက်၍ အမျိုးသမီး၊ အမျိုးသား လင်မယား၊ အသက်(၃)နှစ်နှင့် (၆)နှစ်အရွယ်ရှိ ၎င်းတို့၏သားယောကျ်ားလေးနှစ်ဦးအပါအဝင် အတူနေထိုင်သူ အသက်(၁၀)နှစ်အရွယ် ယောက်ျားလေး(၁)ဦး၊ စုစုပေါင်း(၅)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“အဖမ်းခံရပြီး အခုအသက်ရောရှိသေးရဲ့လား၊ သေသွားပြီလားမသိဘူး၊ တစ်လကျော်ပြီလေပြန်မလွတ်တာ။ ဘယ်ကိုဖမ်းသွားလဲတော့ မသိရဘူး။ အဲဒီရက်ကတော့ရောက်လာတာ စကစ အယောက် ၅၀ ကျော်လောက်ရှိမယ်။ သူတို့မိသားစုအပြင် နွားကျောင်းဖို့ခေါ်ထားတဲ့ကောင်လေးတစ်ယောက်ပါ ပါသွားတယ်။” ဟု မိသားစုနှင့်နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။

ဖမ်းဆီးသွားသော စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ခန့်မှန်းမိသူဒေသခံအချို့ပြောပြသည်မှာ ရွှေနန်းကလေးကျေးရွာအခြေချ လှုပ်ရှားတပ်ဖွဲ့ဝင်များဖြစ်ပြီး လက်ရှိအချိန်ထိလည်း ၎င်းမိသားစုနေအိမ်ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စု နေအိမ်ကိုဝင်ရောက်စီးနင်းသည့်ရက်က အိမ်အတွင်းမွှေနှောက်ရှာဖွေပြီး အသုံးဝင်သည့်ပစ္စည်းမှန်သမျှကိုပါ ယူဆောင်သွားသည်ဟု ရွာခံများကဆိုသည်။

ကေအဲန်ယူ၊ တပ်မဟာ(၂)ထိန်းချုပ်သည့် တောအူးခရိုင်အတွင်း လူအသွားအလာများသည့်လမ်းပိုင်းများ၌ တပ်စွဲအထိုင်ချထားသော စစ်အုပ်စုတပ်ရင်း၊ တပ်ဖွဲ့များက ဖြတ်သန်းသွားလာသူများကို စစ်ဆေးပြီး မကြာခဏချုပ်နှောင်ဖမ်းဆီးထားမှုများ အာဏာသိမ်းပြီးနောက်ပိုင်းအဖြစ်များခဲ့သည်။

ထိုအထဲတွင် မိသားစုမှအကြောင်းအရင်းတစ်စုံတစ်ရာမသိရဘဲ ချုပ်နှောင်ရာမှပြန်မလွတ်၊ သတ်ဖြတ်ခံလိုက်ရသည့်ဖြစ်စဥ်များလည်းရှိသည်။ သို့သော် ပါဝင်ပတ်သက်သည့်နစ်နာသူအများစုမှာ စစ်အုပ်စု၏နောက်ဆက်တွဲရန်ရှာခံရမည်ကို ကြောက်ရွံ့ပြီး ထုတ်ဖော်မပြောဝံ့ကြကြောင်း ကေအိုင်စီ၏ သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

“သတ်ဖြတ်ခံရလို့ သေဆုံးမှုအပိုင်းမှာ လာတင်ပြတဲ့အမှုတွေကို ကျနော်တို့သိရပေမယ့် မတင်ပြတာတွေ ကိုတော့မသိရဘူး။ ကြောက်လန့်စိတ်နဲ့ ပြောမထွက်တော့ ပပျောက်သွားတာတွေ ရှိတယ်။ ဒီလိုပြောမထွက် တာကလည်း သူတို့ကို စစ်ကောင်စီက တုံ့ပြန်မှုလုပ်မှာစိုးလို့ ဖြစ်တယ်။” ဟု ကေအဲန်ယူ တောအူးခရိုင်ဥက္ကဋ္ဌ ပဒိုစောဒဲဖိုးကလည်း ကေအိုင်စီနှင့်အင်တာဗျူးတွင် ဖြေဆိုဖူးသည်။

အထူးသဖြင့် ဒေါဖာခို(သံတောင်ကြီး)မြို့နယ်၊ သံတောင်၊ လိပ်သိုနှင့်ယာဒိုဘက်တွင် စစ်အုပ်စုက ဒေသခံများကို လမ်းအသွားအလာပိတ်ဆို့ခြင်း၊ တားမြစ်စစ်ဆေးခြင်း၊ ဖမ်းဆီးခြိမ်းခြောက်ငွေညှစ်ခြင်းတို့ ပိုအဖြစ်များသည်ဟု ကေအဲန်ယူက ဆိုသည်။ 

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...